ကချင်အမျိုးသားရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က အားကိုးယုံကြည်သည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ မရန်ဂျာဂွန်သည် ယနေ့နံနက် ၁ နာရီခွဲတွင် လိုင်ဇာမြို့၌ ခရစ်တော်တွင် အိပ်ပျော်သွားကြောင်း သိရသည်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ မရန်ဂျာဂွန်၏ ရုပ်ကလာပ်ကို မတ်လ ၁ ရက်တွင် လိုင်ဇာမြို့နှင့် မိုင် ၇၀ ခန့် ဝေးသည့် နောင်လန်ကျေးရွာသို့ ပို့ဆောင်မည်ဖြစ်ပြီး၊ မတ်လ ၂ ရက်နေ့တွင် နောင်လန်ကျေးရွာရှိ သုသာန်တွင် သင်္ဂြိုလ်မည် ဖြစ်သည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ (KBC) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ဧရာဝတီကို ပြောသည်။
“ဆရာ မရန်ဂျာဂွန် ဆုံးရှုံးသွားတယ်ဆိုတာ အရမ်းနစ်နာတယ်။ သူက ပုဂ္ဂိုလ်ထူးတယောက်၊ ဘာသာရေးပိုင်းဆရာ၊ ပညာပိုင်းဆိုင်ရာရော ကျနော်တို့ ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်ထူးလေ။ အဲဒီလို ဆုံးသွားတဲ့အတွက် ကျနော်တို့ ဝမ်းနည်းကြေကွဲပါတယ်” ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
ဒေါက်တာ မရန်ဂျာဂွန်သည် ဘာသာရေး ဆရာတဦး ဖြစ်သော်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလမ်းစဉ် အတွက် ပါဝင်ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။ ဆရာတော်သည် နောင်လန်ကျေးရွာရှိ ကျမ်းစာကျောင်းတွင် နှစ်ပေါင်း ၃၀ နေထိုင်ခဲ့သည်။
“ဆရာတော်က KIO ရဲ့ ငြိမ်းချမ်းရေး အကြံပေးသူလည်း ဖြစ်တယ်။ လူငယ်တွေရဲ့ အနာဂတ် ဘယ်လို ဖော်ဆောင်ရမလဲ ဆိုတာကိုလည်း မြင်အောင်ပြောနိုင်တဲ့ ဆရာပါ။ ဆရာဂွန် ဆုံးတော့ အသက် ၇၁ နှစ်ရှိပါပြီ” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆမ်ဆွမ်က ဆိုသည်။
ဆရာတော်သည် လွန်ခဲ့သည့် ၃ နှစ်ခန့်မှ စတင်ကာ လိုင်ဇာတွင် အခြေချ နေထိုင်ပြီး ကချင်အရေးကို လုပ်ဆောင်ခဲ့သည်။ အလားတူ ကချင်သမိုင်းကို ဆယ်စုနှစ်များစွာ ရှာဖွေခဲ့ပြီး လူငယ်များကို ပြောပြခြင်း၊ ပင်လုံစာချုပ်၊ ဖက်ဒရယ်များ အကြောင်းကို အမြဲတမ်း မီးမှောင်းထိုးပြခြင်းများ ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။