ဒုတိယမြောက် ပင်လယ်ပြင်ကင်းလှည့်ရေယာဉ် ထိုင်းရေတပ်တည်ဆောက်မည်
This article has been converted from Zawgyi One to Unicode

ထိုင်းရေတပ်က ပဲထိန်းဒုံးကျည်များတပ်ဆင်ထားသည့် ဒုတိယမြောက် ပင်လယ်ပြင် ကင်းလှည့် ရေယာဉ်တစီး တည်ဆောက်ဖို့ ပြုလုပ်နေတယ်လို့ ရေတပ် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Jumpol Lumpiganon ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာဖော်ပြထားပါတယ်။
ဒုတိယမြောက် ပင်လယ်ပြင်ကင်းလှည့်ရေယာဉ်ကို ထိုင်းဘတ် ၅.၅ ဘီလျံအကုန်အကျခံကာ ၃နှစ်အတွင်း မဟီဒေါ ရေတပ်သင်္ဘောကျင်းက တည်ဆောက်မှာဖြစ်ပြီး လက်နက်တပ်ဆင်မှုအတွက် ရေတပ် စစ်လက်နက်ပစ္စည်းတပ်ဆင်ရေး ဌာနက တာဝန်ယူမယ်လို့ ရေးသားထားပါတယ်။
HTMS Krabi ဟာ ထိုင်းရေတပ်အတွက် ပထမဆုံး ပင်လယ်ပြင်ကင်းလှည့်ရေယာဉ်ဖြစ်ပြီး၊ အခုတည်ဆောက်မယ့် ပင်လယ်ပြင်ကင်းလှည့်ရေယာဉ်ကိုတော့ HTMS Krabi ပုံစံကိုအခြေခံကာ ပိုမိုတိုးတက်အောင်ပြုလုပ်မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းမြန်မာနိုင်ငံကလည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးနိုင်ငံသို့ သွားရောက်ကာ FAC Super Dvora MK3 အမျိုးအစား ကမ်းရိုးတန်းသွား ကင်းစောင့် အမြန်ရေယာဉ်တွေ ဝယ်ယူခဲ့ပါသေးတယ်။