လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် – မြန်မာနိုင်ငံ(ND-Burma) က ကောက်ယူခဲ့သည့် အစီရင်ခံစာ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၈၄ မှု ရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတဝန်း အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုသည် ညှဉ်းပန်းနှိပ် စက် မှု ဖြစ်သည်ဟုလည်း ဖေဖော်ဝါရီ ၂၉ က ND-Burma ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၈၄ ခု ဆိုပေမယ့် ဒါကမြန်မာတပြည်လုံးကို မလွှမ်းခြုံနိုင်သေးပါဘူး။ တချို့ကျန်ခဲ့တဲ့နေရာ၊ ကျမတို့ လက်လှမ်းမမီနိုင်တဲ့ နေရာ တွေ ရှိသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေအရ အမှုအခင်းတွေ ဒီလောက်များတယ်ဆိုရင် ဘယ်လိုမှတိုးတက်လာမှု မရှိဘူးလို့ ပြောချင်တယ်”ဟု ND-Burma မှ စည်းရုံးလှုံ့ဆော်ရေး အရာရှိ လွေးပိုးငယ်က ပြောသည်။
၁၂ လတာ ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများအပြင် အပစ်အခတ် ရပ်စဲထားသည့် ဒေသများရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ND-Burma က မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကွင်းဆင်း သတင်းထောက်များ ကောက်ယူ စုဆောင်းထားသည့် သတင်းအချက်အလက်များကို အခြေခံထားခြင်းဖြစ်ပြီး ယခုအစီရင်ခံစာတွင် ပါရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ပြည်နယ်နှင့်တိုင်း ဒေသကြီး ၉ ခုတွင်သာ ကောက်ယူစုဆောင်းထားခြင်း ဖြစ်ကြောင်း လွေးပိုးငယ်က ဆက်ပြောသည်။
အသစ်တက်လာမည့် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် နစ်နာခဲ့သူများအတွက် ပြန်လည်ဆောင်ရွက်ပေးသင့်သည်ဟုလည်း ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။
“မြန်မာလူထုနဲ့ ကမ္ဘာက ယခင်အစိုးရနဲ့ ဆယ်စုနှစ်ကြာ စစ်အုပ်ချုပ်ရေး လက်အောက်မှာ အမြစ်တွယ်ခဲ့တဲ့ မဖြေရှင်းနိုင်တဲ့ အခွင့် အရေး အလွဲသုံးစားပြုမှုနဲ့ မမျှတတဲ့ ဥပဒေတွေကို လာမယ့်အစိုးရသစ်က ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်တကြီး ရှိနေပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Phil Robertson က ပြောသည်။
ND-Burma က နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် အဖွ့ဲအစည်း အသင်းအပင်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်သည့် ချိုးဖောက်မှု ၁၇ ခု နှင့် သတ်ဖြတ်မှု ၁၁ ခု ကိုလည်း မှတ်တမ်းတင်ခဲ့သည်။
ထို့အပြင် မတရား ဖမ်းဆီးမှုများနှင့် ထိန်းသိမ်းချုပ်နှောင်မှုများ ၄ ခု၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း ၅ ခု၊ ပျောက်ဆုံးခြင်း ၃ ခု၊ အတင်းအဓမ္မ စေခိုင်းခြင်း ၆ ခု၊ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ၁ ခု၊ လူကုန်ကူးမှု ၃ ခု၊ လွတ်လပ်စွာ သွားလာခွင့် ကို တားဆီးခြင်း ၂ ခု၊ အဓမ္မ ပြုကျင့်ခြင်း ၅ ခု၊ မတရား အခွန်ကောက်ခြင်း ၁ ခုတို့ကိုလည်း မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်များအရ အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တချို့က အရပ်သားများအပေါ် ပစ်မှတ်ထားကျူးလွန်သည်ကို တွေ့ရကြောင်း ND-Burma က ဖော်ပြထားသည်။
အလားတူ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (AI) ကလည်း မြန်မာနိုင်ငံ၌ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်များကို တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဆက်လက်ချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အစအနမရ လူပျောက်ဆုံးမှုများ၊ မုဒိမ်းကျင့်မှုများ အပါအဝင် လိင်စော်ကားမှုများ၊ ပေါ်တာဆွဲမှု၊ ကလေးစစ်သား စုဆောင်းမှုကဲ့သို့သော အဓမ္မခိုင်းစေမှုများနှင့် လူသားချင်း စာနာမှု အထောက်အကူများကို ကန့်သတ်တားဆီးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဖြစ်ပေါ်နေကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြုခြင်း လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် လူ့အခွင့် အရေး အခြေပြု အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ဖြင့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်ကို ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ် သည်။