Politics

သမ္မတရွေးမည့် ရက် ရှေ့တိုးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု ဦးဝင်းထိန်ပြော

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စုလွှတ်တော်က သမ္မတ ရွေးချယ်ရမည့် ရက်ကို မတ်လ ၁၇ ရက်နေ့အစား မတ် ၁၀ ရက်နေ့ အဖြစ် ပြင်ဆင်သတ်မှတ်ရှေ့တိုးပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်ရမည်ဖြစ်ပြီး ချက်ချင်း အမြန် သမ္မတဖြစ်မည်လော၊ နောက်ပိုင်းမှ သမ္မတ ဖြစ်ခွင့်ရမည်လော ဆိုသည့် အနှေး၊ အမြန်ကိုသာ စောင့်ဆိုင်း ရမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။

ယနေ့  နေပြည်တော် လွှတ်တော်အဆောက်အအုံတွင်  သတင်းမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်ပြီး RFAသတင်းဌာန (မြန်မာပိုင်း) က ထုတ်လွှင့်ထားသည့် ဗီဒီယိုဖိုင်တွင် သတင်း မီဒီယာ များသို့ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လုပ်ဆောင်နေကြောင်း  ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့် ကိစ္စဖြစ်ကိုဖြစ်မယ်၊ ရှိတာ၊ မရှိတာနဲ့ ဘာမှမဆိုင်ဘူး၊ နှေးတာနဲ့ မြန်တာ ဒီနှစ်ခုပဲ၊ ကိုယ့်ဘာသာတွက်၊ ဖွဲ့စည်းပုံ အုပ်ချုပ်မှုအခြေခံဥပဒေဖတ်၊ နည်းဥပဒေတွေဖတ်၊ ဖြစ်လာမှာ၊ အခုဖြစ်ဖို့လုပ်နေတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတလောင်း၊ ဒုသမ္မတစိစစ် တင်မြှောက်မည့်ရက်ကို မတ်လ ၁၀ ရက်နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း၊  မူလက မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတလောင်း၊ ဒုတိယသမ္မတများ တင်မြှောက်ရန် လျာထားခဲ့ရာမှယခုကဲ့သို့ ပြောင်းလဲပြင်ဆင်သတ်မှတ်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော အခြေခံ ဥပဒေ  သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉  (စ) ကို ပြင်ဆင်ရန် အလား အလာ မရှိ၍ ဒေါ်အောင်ဆန်းစုကြည် အစား ယာယီသမ္မတ ၁ ဦး ရွေးချယ် တင်မြှောက်ရမည့် အခြေအနေ ဖြစ်ပေါ် နေကြောင်း NLD  လွှတ်တော်ကိုယ်စားလှယ်တချို့က ဧရာဝတီသို့ သုံးသပ်ပြောဆိုကြသည်။

Loading