စစ်မှန်သော ဖက်ဒရယ်စနစ်သည် ခွဲထွက်ချင်သည့် စိတ်ဓါတ်များကို ပပျောက်စေပြီး ညီညွှတ်ရေးကို ပိုမိုဖြစ်စေသဖြင့် ဖက်ဒရယ် သည် တိုင်းပြည်အတွက် လိုအပ်သော စနစ်တခုဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ၌ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်း ဖြစ်သည်။
“ဖက်ဒရယ်ဆိုတာဟာ တချို့က ခွဲထွက်ရေးလို့ ပြောတာ မဟုတ်တဲ့အပြင် ဖက်ဒရယ်စနစ် မှန်ကန်တယ်ဆိုလို့ရှိရင် ခွဲထွက်ချင်တဲ့ စိတ်တွေကိုပါ ပပျောက်သွားစေတာကြောင့်မို့ ပိုပြီးတော့ ညီညွတ်ရေးကို ဖြစ်စေတယ်ဆိုပြီး ကျမတို့ ဒီမူကို ဆုပ်ကိုင်ပြီးတော့ ၂၈ နှစ်လုံးလုံး ရပ်တည်ခဲ့တာ။ ဒါကြောင့် ဖက်ဒရယ်ဆိုတာ နိုင်ငံရေးအရ ကျမတို့အတွက် လိုအပ်တဲ့ စနစ်တခုအနေနဲ့ ကျမတို့ သုံး တယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အားလုံးက ဘာလုပ်ပေးနိုင်မလဲဆိုသည့် ချဉ်းကပ်မှု မျိုးနှင့်သာ သွားသင့်ကြောင်း၊ သို့မှသာ ညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းရေး ဖြစ်ပြီး ခွဲထွက်ရေးဟု ပြောနေကြသည်မှာ မဟုတ်ဘဲ နိုင်ငံရေးအရ လိုအပ်သည့်စနစ်တခုဖြစ်ကြောင်း ပြောဆိုသည်။
“ပြည်ထောင်စုဆိုတာတော့ ပြောရမယ်ဆိုရင် စိတ်ဓာတ်ရေးအရ လိုအပ်တဲ့ ဝေါဟာရတခုလို့ ကျမတော့ ဒီလိုပဲ မြင်ပါတယ်။ အား လုံးကနေ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့နိုင်ငံ ပြည်ထောင်စု ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ညီညွတ်တဲ့ တိုင်းရင်းသား ပေါင်း များစွာနဲ့ ထူထောင်ထားတဲ့ နိုင်ငံဆိုပြီးတော့ ကျမတို့က နှစ်နှစ်သက်သက်နဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကို သုံး လေ့ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသည် အစိုးရအာဏာ လွှဲပြောင်းရာတွင် ကမ္ဘာပေါ်တွင် အကြာဆုံး တိုင်းပြည် ၁ ခု ဖြစ်သည်ဟုလည်း သူကဘ ဆိုသည်။
“ကျွန်မတို့ အဖွဲ့ချုပ်က အစိုးရ မဖြစ်သေးဘူးဆိုတာ ခဏခဏ သတိပေးနေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနိုင်ငံ လောက် အစိုးရ လွှဲပြောင်းကာလကြာတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မရှိပါဘူး။ ကျွန်မတို့က ထိပ်တန်းကပဲ။ ၅ လဆိုတဲ့အချိန်ဟာ ဘယ်နိုင်ငံမှ မ ကြာပါဘူး။ ဒီကြားထဲမှာ ကျွန်မတို့ ဟိုဟာ မလုပ်သေးဘူးလား။ ဒီဟာ မလုပ်သေးဘူးလားဆို ခပ်ရိုးရိုးပဲ ပြောရမယ်ဆိုရင် လုပ်ခွင့် မရှိသေးပါဘူးလို့ပဲ ကျွန်မတို့ ပြန်ဖြေရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
သို့သော် လုပ်ပိုင်ခွင့်ရှှိသည့် လွှတ်တော်သည် တက်တက်ကြွကြွ စည်းစည်းလုံးလုံး ရှိနေသဖြင့် ဝမ်းသာကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရစပြီး ထူထောင်သည်နှင့် ပြောထားသည့် ကတိအတိုင်း ကိုင်တွယ် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
NLD ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ်တွင် တိုင်းရင်းသား မဟာမိတ်ပါတီများက သစ္စာတရားအရ သွေးစည်းညီညွတ်မှုအရ NLD နှင့်အတူ ရွေးကောက်ပွဲ မဝင်ဘဲ ရပ်တည်ပေးခဲ့သည့်အတွက် ပြည်ထောင်စု တိုးတက်ရေးအတွက်ကို တိုင်းရင်းသားများအား အားကိုးကြောင်း ဒေါ် အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေး မရှိဘဲနှင့် ငြိမ်းချမ်းရေး မရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေးဆိုတာ မရနိုင်ဘူး။ ဥပမာဆိုရင် အပစ်အခတ်ရပ်စဲရေးပေါ့။ အပစ်အခတ် ရပ်စဲရေး သ ဘောတူညီလိုက်ပြီဆိုရင် သဘောတူညီချက်အတိုင်း မလုပ်ဘဲနဲ့ ချိုးဖောက်ပြီးတော့ တချိန်လုံးပစ်နေမယ်ဆိုရင် ဘယ်လိုလုပ် ဒီ ဟာက ထိရောက်မှု ရှိမှာလဲ။ အဲတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ အခြေခံမှ ကျမတို့ ငြိမ်းချမ်းရေး ရနိုင်မယ်။ နောက်ပြီး ပြည်သူ လူထုလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ ဆီလျော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလည်း ပေါ်ထွန်းလာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲသို့ NLD ပါတီ လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။