သတင်းတို

KIA တပ်မဟာ ၆ တရားဝင် တိုးချဲ့မှု ငြိမ်းချမ်းရေး ကော်မတီ ကန့်ကွက်

This article has been converted from Zawgyi One to Unicode

KIA တပ်မဟာ ၆ တရားဝင် တိုးချဲ့မှု ငြိမ်းချမ်းရေး ကော်မတီ ကန့်ကွက်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်း ခြင်းအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို ယနေ့ထုတ် အစိုးရ သတင်းစာမှတဆင့် ထုတ်ပြန်ထားသည်။

တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိဖော်ဆောင်နေချိန်တွင် KIA အဖွဲ့မှ ရှမ်းပြည်နယ် မြောက်ပိုင်း ယခင် ကွန်မြစ်နစ် ပါတီ ဗကပ ထိန်းချုပ်ဒေသ ဖြစ်သည့် မုန်းဘော်၊ မုန်းကိုး နှင့် ဖောင်းဆိုင်နယ်မြေ ၃ခုတွင် KIA တပ်မဟာ ၆ ကို ၂၀၁၆ ဖေဖော်ဝါရီ ၂၆ ရက်တွင် တရားဝင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

တပ်မဟာ ၆ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ခြင်းသည် နိုင်ငံတော် အစိုးရ မှ ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အသိအမှတ် မပြု ဆန့်ကျင်ရာရောက်သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သက်ရောက်စေသည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIA တပ်မဟာ ၆ ဖွဲ့စည်းသည့် ကိစ္စနှင့် ပတ်သက်ပြီး ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက “သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ စစ်တပ်က သဘောတူတဲ့ဟာကိုပဲ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့က လုပ်ရမယ်ဆိုတာ မရှိဘူး။ စစ်တပ်လုပ်တဲ့ဟာကို သဘောမကျလို့ တော်လှန်ရေး လုပ်နေပါတယ် ဆိုနေမှ သူတို့ သဘောမကျတဲ့ဟာကို လိုက်လုပ်စရာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကိစ္စနှင့် ပတ်သတ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေ ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ မှ ဦးလှမောင်ရွှေကို ဆက်သွယ် မေးမြန်းသည်အခါ ဖြေကြားလိုခြင်း မရှိဟု ဆိုသည်။

Loading