TNLA နှင့် RCSS/SSA တိုက်ပွဲများ ရပ်စဲရေး “ဝ” နှင့် “မိုင်းလား” အဖွဲ့ တောင်းဆို
This article has been converted from Zawgyi One to Unicode
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင် (တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရန် “ဝ” နှင့် “မိုင်းလား” အဖွဲ့တို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ထိခိုက်သေကြေ ဒဏ်ရာရမှုများ၊ ပြည်သူလူထုအကြား မတည်ငြိမ်မှုများ ဖြစ်ပွားနေ၍ နှစ်ဖက်အကြား အပြန် အလှန်လေးစားမှုဖြင့် ပစ်ခတ်မှုများ ရပ်ဆိုင်းရန် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည်အရှေ့ပိုင်း၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (မိုင်းလားအဖွဲ့ – NDAA) တို့က မျှော်လင့်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်သည်။
“အခုဆိုရင် တိုင်းပြည်က ပြောင်းလဲနေပြီ။ ဒီအချိန်မှာ တိုက်ခိုက်နေကြရင် လူထုအတွက်လည်း မကောင်းဘူး။ ပြည်သူတွေ ဒုက္ခရောက်တယ်။ နောက်တခုက လက်နက်ကိုင်အဖွဲ့ အချင်းချင်း အကြားမှာလည်း စည်းလုံးရေးကို ထိခိုက်စေတဲ့အတွက် တိုက်နေတာ ကို ရပ်တန့်ကြဖို့ တောင်းဆိုတာပါ”ဟု NDAA ၏ ဗဟိုကော်မတီဝင် ဦးကြည်မောင်က ဧရာဝတီကို ပြောသည်။
တိုက်ခိုက်နေကြသည့် လက်နက်ကိုင်အဖွဲ့များသည် ထိုနေရာများမှ ဆုတ်ခွာပြီး မိမိတို့တပ်နေရာများကို ပြန်ရန်လိုအပ်ကြောင်း၊ အချင်းချင်းကြား နယ်မြေကျူးကျော်ခြင်းများ မလုပ်ဆောင်သင့်ကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးစာချုပ် (NCA) ကိုလည်း ချိုးဖောက်ရာ ရောက်ကြောင်း ဦးကြည်မောင်က ဆက်ပြောသည်။
ထို့အတူ TNLA နှင့် RCSS တို့၏ တိုက်ပွဲများကို UWSA နှင့် NDAA တို့က အထူးအာရုံစိုက် ဂရုပြုလျက်ရှိကြောင်း၊ နှစ်ဖက်အကြား အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး နိုင်ငံတော် တည်ငြိမ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် အလေးထား ဆောင်ရွက်ရန်လည်း “ဝ” နှင့် “မိုင်းလား” အဖွဲ့တို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့်နယ်မြေမှ မည်သည့်တပ်ဖွဲ့မဆို ဆုတ်ခွာပြီး မိမိတို့မူလနေရာများသို့ ပြန်လည်ဆုတ်ခွာ သွားမည် ဆိုပါက တိုက်ပွဲများအားလုံး ရပ်စဲသွားမည် ဖြစ်ကြောင်း၊ တိုက်ပွဲများ ရပ်စဲနိုင်ရေးအတွက် အစိုးရစစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံစဉ်က တင်ပြတောင်းဆိုထားကြောင်း NDAA ဗဟိုကော်မတီဝင် ဦးကြည်မောင်က ပြောသည်။
“ကျနော်တို့က လက်မှတ်မထိုးထားပေမယ့် အစိုးရရဲ့ သဘောထား NCA ကို ထောက်ခံတယ်။ ဒါကြောင့် အဲဒီလိုလုပ်တာဟာ မသင့် တော် ဘူးလို့ ဗိုလ်ချုပ်ကြီးရာပြည့် လာတုန်းက တင်ပြလိုက်တယ်။ သူတို့က NCA လက်မှတ် ထိုးထားသူတွေဆိုတော့ NCA ကိုလေး စား လိုက်နာရမယ်လေ”ဟုလည်း ဦးကြည်မောင်က ဆိုသည်။
တိုက်ပွဲများနှင့် ပတ်သက်၍ UWSA နှင့် NDAA တို့က အာရုံစိုက်အလေးထားပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ကို ထောက်ခံကြိုဆိုကြောင်း၊ နယ်မြေကျူးကျော်မှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားရသည့်အတွက် တဖက်ထိန်းချုပ်ထားသည့် နယ်မြေသို့ ကျူးကျော်မှု မပြုလုပ်သင့်ဟု ကြေညာချက်တွင် ဖော်ပြထားမှုကိုလည်း သဘောတူကြောင်း TNLA မှ ဗိုလ်မှူး တာဘန်လကလည်း ဧရာဝတီ ကို ပြောသည်။
“တောင်ပိုင်းမှာနေတဲ့ RCSS/SSA တပ်တွေက မြောက်ပိုင်းကို ရောက်လာတယ်။ ကျနော်တို့ နယ်မြေတွေထဲကို ရောက်လာလို့ တိုက်ပွဲတွေဖြစ်တာပါ။ သူတို့တပ်တွေ တောင်ပိုင်းကို ပြန်သွားရင် တိုက်ပွဲတွေ မရှိတော့ပါဘူး”ဟုလည်း ဗိုလ်မှူး တာဘန်လက ဆက် ပြောသည်။
RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းလှကလည်း “ဝ” နှင့် “မိုင်းလား” တပ်ဖွဲ့တို့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်သည် အားလုံးကောင်းမွန် ရေးအတွက် တောင်းဆိုထားခြင်း ဖြစ်၍ ၎င်းတို့အနေဖြင့် ကြိုဆိုကြောင်း၊ တိုက်ပွဲများ ရပ်တန့်ရေးအတွက် တိုက်ခိုက်နေသည့်အဖွဲ့ တာဝန်ရှိသူများကိုယ်တိုင် တွေ့ဆုံဆွေးနွေး အဖြေရှာရန် အရေးကြီးကြောင်း ဧရာဝတီကို ပြောသည်။
“တိုက်ပွဲရပ်စဲဖို့ တောင်းဆိုတာကို ကျနော်တို့က ကြိုဆိုပါတယ်။ တိုက်ပွဲတွေ ရပ်ဖို့အတွက်ဆိုရင် အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုဖြစ်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ကလည်း အဲဒီနေရာကို တိုက်ဖို့သွားတာမှ မဟုတ်တာကို ဘာကြောင့်တိုက်ရတာလဲလို့ မေးချင်တယ်။ တိုက်ပွဲတွေ မဖြစ်တာတော့ အကောင်းဆုံးပါပဲ”ဟု ဗိုလ်မှူးကြီး စိုင်းလှက ဆိုသည်။
TNLA နှင့် RCSS/SSA တို့ တိုက်ပွဲများအမြန်ဆုံး ရပ်စဲနိုင်ရေးအတွက် နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုတရပ် အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြသည်ဟု နှစ်ဖက်အဖွဲ့လုံးက ပြောသည်။
RCSS/SSA နှင့် TNLA တပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကန်ငေါ့ကျေးရွာ ဝန်းကျင်၌ ဖေဖော်ဝါရီလ ၂၈ ရက်က နှစ်ဖက်ထိပ်တိုက်တွေ့၍ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ကျဆုံးမှု တချို့ရှိခဲ့သည်။
အလားတူ TNLA နှင့် အစိုးရ တပ်မတော်တို့ကြား ဖေဖော်ဝါရီလ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်များ အလုံးအရင်းနှင့် ရောက်ရှိလာသည့်အတွက် ထိုနယ်မြေများ၌ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ကြောင်း TNLA က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲနှင့် နမ့်ဆန်မြို့စသည့် မြို့နယ်များ၌ RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေ သည်မှာ ၄ လ ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း ယနေ့အထိ ရပ်စဲနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ၍ စစ်ဘေးခိုလှူံနေကြရဆဲဖြစ်ကြောင်း သိရသည်။