ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ပန်ဟတ်ကျေးရွာမှ အရပ်သားများကို အစိုးရ တပ်မတော်က ဖမ်းဆီးထားရာမှ ရွာသား ၄ ဦး ကို ပြန်လွှတ်မပေးသေးကြောင်း ရှမ်းပြည်နယ် ကချင် အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့က တပ်မတော် တပ်မ(၁၁) က သိန်းနီမြို့နယ် ပန်ဟတ်ကျေးရွာမှ ရွာသား ၁၃ ဦးကို ဖမ်းဆီး၍ နမ့်စလပ် အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ) ၅၆၇ သို့ ခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ၉ ဦးကို ပြန်လွှတ် ပေး ခဲ့ပြီး ၄ ဦးကို ယခုအချိန်အထိ ဖမ်းဆီးထားကြောင်း ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်မှ ပြောရေး ဆိုခွင့်ရှိသူ အိုက်ဇက်အောင်က မတ် ၁ တွင် ရန်ကုန်မြို့ရှိ ဒိုင်မွန်း ကွန်ဒို၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ဘာကြောင့် တပ်ကဖမ်းသွားတာလို့ အခိုင်အမာ ပြောနိုင်လဲဆိုတော့ အဲဒီနေ့က အစိုးရ တပ်ကြောင်းက ရွာထဲဝင်လာပြီး ရွာသား အားလုံးကို စုဝေးခိုင်းတယ်။ ပြီးတော့ တပ်သားတွေကို သေချာမြင်လို့ပါ။ ၄ ဦးကို ပြန်လွှတ်ဖို့ နဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရအောင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးကို လိပ်မူပို့ထားပါတယ်”ဟု အိုက်ဇက်အောင်က ဆက်ပြောသည်။
ဖမ်းဆီးခံရသူများကို မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်၊ စားဝတ်နေရေးနှင့် လုံခြုံရေး အခြေအနေကို သိရှိနိုင်ရန်နှင့် မည်သည့်အပြစ်ကြောင့် ဖမ်းဆီးသွားကြောင်းကို သိရှိနိုင်ရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ တောင်းဆိုထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူ တဦး၏ ဇနီးဖြစ်သူ ဒေါ်ဒေါင်ယန်းက“ကျမရဲ့ယောကျာ်က တောင်ယာသွားရင်း အဖမ်းခံရတယ်။ အဖမ်းခံရပြီး တခါမှ မတွေ့ရဘူး။ ကျမတို့ကလေးတွေက ဘယ်ချိန်ပြန်လာမလဲဆိုတာ မေးနေတယ်။ ကလေးတွေ သူ့အဖေကို သတိရပြီး နေ မကောင်းဖြစ်နေတယ်။ ပြန်လွှတ်ပေးဖို့ ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း၌ တပ်မတော် စစ်ကြောင်းနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၁၆ ရက် တွင် ဟိုပုန်းကျေးရွာ နေအိမ် ၁၂ လုံး မီးရှို့ခံလိုက်ရကြောင်း သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဟိုပုန်းကျေးရွာရှိ ပြည်သူများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ KIA ၊ TNLA တို့ထံ မြေမြှုပ်မိုင်းများ ဖမ်းရှားပေးရန် လိပ်မူတောင်းဆိုထားသည်ဟု ရှမ်းပြည်နယ် ကချင် အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က ပြောသည်။
မြေမြှုပ်မိုင်းထိ၍ သေဆုံးသွားသည့် ဦးနော်မိုင်၏ ဇနီးဖြစ်သူ ဒေါ်ဂျာတောင်က “ဟိုပုန်ကျေးရွာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ကျမတို့အိမ် လည်း မီးရှို့ခံလိုက်ရတယ်။ ထွက်ပြေးချိန် ဘာမှမရခဲ့ဘူး။ ကျမတို့ ဝမ်းစာရေးအတွက် ငှက်ပျောအူသွားရှာတဲ့အချိန် ကျမယောကျာ် မိုင်းမိပြီး သေဆုံးသွားပါတယ်။ စစ်ကြောင့် ကျမတို့တွေ ခံစားနေရတယ်”ဟု ဧရာဝတီကို ပြောပြသည်။
လက်ရှိအချိန်အထိ ဟိုပုန်ကျေးရွာတွင် မိုင်းများရှိနေသေးသဖြင့် ဒေသခံများ ရွာထဲမပြန်ရဲကြကြောင်း၊ ဒေသခံများ ရွာကို ပြန်နိုင် ရန် မိုင်းများရှင်းလင်းပေးပြီး တိုက်ပွဲများလည်း ရပ်ဆိုင်းပေးရန် ဟိုပုန်ကျေးရွာ ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် ကချင် အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မြေမြှုပ်မိုင်းများ ရှင်းပေးရန်၊ အရပ်သား များ ပြန်လွှတ်ပေးရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများရပ်ဆိုင်းပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း သိရ သည်။