ရှားပါး ဒရယ်များထိန်းသိမ်းရေး ဆွေနွေးဖို့ မင်းသား ဒီကာပရီယိုကို ရုရှားဝန်ကြီး ဖိတ်ခေါ်
This article has been converted from Zawgyi One to Unicode
The Revenant ဇတ်ကားနဲ့ ပူပူနွေးနွေး အော်စကာဆုရထားတဲ့ ရုပ်ရှင်မင်းသား လီယိုနာဒို ဒီကာပရီယိုကို ရှားပါး Saiga ဒရယ်မျိုး ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရုရှား သဘာဝအရင်းအမြစ်နှင့် ဂေဟဗေဒ ဝန်ကြီးဌာန ဝန်ကြီး ဆာဂျီ ဒွန်စ်ကိုင်းက မော်စကိုမြို့ကို ဖိတ်ခေါ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလည်က မင်သား ဒီကာပရီယိုဟာ သူ့ရဲ့ Instagram မှာ Saiga ဒရယ်တကောင်ပုံကို တင်ခဲ့ပြီး အကောင်ရေလျော့နည်းလာမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့ လူတွေအာရုံစိုက် လာအောင် ပြုလုပ်ခဲ့ပါတယ်။
ရုရှား သဘာဝအရင်းအမြစ်နှင့် ဂေဟဗေဒဝန်ကြီးဌာန ဝန်ကြီး ဆာဂျီ ဒွန်စ်ကိုင်းက “Saiga ဒရယ်ဦးရေ ထိန်း သိမ်းရေးပြဿနာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး သမားတယောက်ဖြစ်တဲ့ မင်းသား ဒီကာပရီယိုနဲ့ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးချင်ပါတယ်၊ တွေ့ခဲ့ရင် ရုရှားမှာ ဒီအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့အကြောင်းကို သူ့ကို ကျနော်တို့ ပြောပြမယ်”လို့ ဆိုပါတယ်။
လာမည့် ဧပြီလ နှောင်းပိုင်း မော်စကိုမြို့မှာ ကျင်းပမယ့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့် အဖြေရှာရေးအဖွဲ့ (ECOTECH)ရဲ့ ဖိုရမ်မှာ ရှားပါးဒရယ်မျိုး ထိန်းသိမ်းရေး အကြောင်းဟာ အဓိကဖြစ်လာမယ်လို့ ရုရှားဝန်ကြီးက ဆိုပါတယ်။
စတက်မြက်ခင်းဒေသမှာ ပေါက်ဖွားနေထိုင်တဲ့ ရှားပါး ဒရယ်မျိုးတွေ လျော့ကျလာတဲ့ ပြသနာဟာ ရုရှားအတွက်တော့ အလွန်အရေးကြီးတဲ့ သတ္တဝါများမျိုးပွား မှု ထိန်းသိမ်း စောင့်ရှောက်ရေး အကြောင်းအရာတခုဖြစ်နေပြီး ပညာရှင်များတွက်ချက်မှု အရ အခုအခါမှာတော့ အကောင်ရေ ၄၅၀၀ အောက်ကို ကျဆင်းနေတယ်လို့ သိရပါတယ်။
အလားတူ The Revenant ဇတ်ကားနဲ့ အမျိုးသားဇတ်ဆောင်ဆု အော်စကာရရှိခြင်းနဲ့ ပတ်သက်ပြီး မင်းသား ဒီကာပရီယိုကိုလည်း ရုရှား သဘာဝအရင်းအမြစ်နှင့် ဂေဟဗေဒဝန်ကြီးဌာန ဝန်ကြီး ဆာဂျီ ဒွန်စ်ကိုင်းက ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ရုရှား ရုပ်ရှင် Lenfilm ကနေ ရုရှားကွန်မြူနစ်ခေါင်းဆောင်ကြီး ဗလာဒီမာ လီနင် အကြောင်းရိုက်ကူးဖို့ မင်းသား ဒီကာပရီယိုကို ကမ်းလှမ်းခဲ့ပါသေးတယ်။