ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ပြုလုပ်ပြီး အချိန်ပိုင်းအတွင်း မြောက်ကိုရီးယားက တာတိုပစ် ဒုံးပျံ တွေကို ဂျပန်ပင်လယ်လို့ လူသိများတဲ့ အရှေ့ပင်လယ်ထဲသို့ အတွဲလိုက်ပစ်ကာ လက်တုံ့ပြန်လိုက်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Moon Sang-gyun ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဌာန ယွန်ဟပ်က ဆိုပါတယ်။
ဒီကနေ့ မနက် ၁၀နာရီခန့်က ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းမြောက်ကိုရီးယား ရေတပ်စခန်းရှိရာ နေရာမှ ဂျပန်ပင်လယ်ထဲသို့ ပစ်လွှတ်ပြလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးပျံပစ်လွှတ်မှုတွေကြောင့် ပိတ်ဆို့မှု အသစ်တွေပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မနေ့က မဲခွဲပြီး တခဲနက် ထောက်ခံဆုံးဖြတ် ခဲ့သလို၊ အမေရိကန်နဲ့ သီးခြားအရေးယူမှု အသစ်တွေပြုလုပ်တဲ့အနေနဲ့ မြောက်ကိုရီးယား အနုမြူစွမ်းအင် ဝန်ကြီးဌာန၊ အမျိုးသားကာကွယ်ရေး ကော်မရှင်အပါအဝင် အဖွဲ့အစည်း ၁၂ခု လူ ၅ဦးကို အရေးယူဒဏ်ခတ်မှု ထဲထည့်သွင်းခဲ့ပါတယ်။