အိန္ဒိယနိုင်ငံတွင် တနှစ်လျှင် အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ ခန့်မှန်းခြေ ၁၀၀၀ ရှိပါတယ်။ အက်ဆစ်နဲ့ တိုက်ခိုက်ခံရပြီဆိုရင် မျက်စိကွယ်နိုင်ပြီး၊ ကိုယ်လက်အဂါၤ ချို့ယွင်းနိုင်ကာ အပက်ခံရသူရဲ့ မျက်နှာဟာလည်း မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားစေတာပါ။
ဒါပေမဲ့ ရဲရင့်သော အမျိုးသမီးအဖွဲ့တဖွဲ့တဲ့ Taj Mahal ဆိုသော လက်အောက်တွင် အက်ဆစ်ဖြင့် တိုက်ခိုက်ခံရပြီး ပြန်လည်ရှင်သန်ခဲ့သော အမျိုးသမီးများက သူတို့ရဲ့ ဇာတ်လမ်းတွေကို ကမ္ဘာသို့ ပြောပြရန် ကော်ဖီဆိုင်တဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Agra မြို့ရှိ Sheroes ဆိုတဲ့ အဲ့ဒီ ကော်ဖီဆိုင် တံခါးဝတွင် ရပ်နေသော ငယ်ရွယ်သော မိန်းကလေးတယောက်က “ကျမတို့ ကော်ဖီဆိုင်လေးမှ ကြိုဆိုပါတယ်ရှင်” လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။
သူမကတော့ အသက် ၁၅ နှစ်အရွယ် ဒိုလီဖြစ်ပါတယ်။
“ကျမက ဒီကော်ဖီဆိုင်မှာ အငယ်ဆုံးနဲ့ အဆိုးဆုံးပါပဲ” လို့ ရယ်ရယ်မောမော ပြောလိုက်ပါတယ်။
သိပ်သည်းသော ဆောင်းနှင်းမြူများဖြင့် နှစ်မြုပ်နေသော Agra မြို့ကလေးရှိ နံရံဆေးရေး ပန်းချီများ ရေးဆွဲထားတဲ့ ကော်ဖီဆိုင်ကလေးက မနက်ခင်း လက်ဘက်ရည်သောက်ရန် ဆွဲဆောင်လျက်ရှိပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်က အဲ့ဒီလိုချိုသာတဲ့ အပြုံးတွေကို အမျိုးသားတဦးက ဖျက်ဆီးရန် ကြိုးစားခဲ့ပါတယ်။
ဒိုလီထက် အသက် ၂ ဆခန့်ကြီးသော အိမ်နီးချင်းအမျိုးသားက စတင်နှောက်ယှက်လာခဲ့တာပါ။ အသက် ၁၂နှစ်အရွယ် ကျောင်းသူလေး ဒိုလီအပေါ် ရိုင်းပြခဲ့ပြီး အတူတူအိပ်သင့်တယ်လို့လည်း သွေးထိုးလှုံဆော် ခဲ့ပါတယ်။
အဲ့ဒီနောက် တနေ့တွင် ဒိုလီက အခြားကလေးများနဲ့အတူ ကစားနေစဉ်တွင် အဲ့ဒီအိမ်နီးချင်းအမျိုးသားဟာ အိမ်ရှေ့သို့ ရုတ်တရက်ရောက်လာခဲ့ပါတော့တယ်။
“သူ ကျမမျက်နှာကို အက်ဆစ်နဲ့ပက်လိုက်ပြီးတဲ့နောက် ကျမအခန်းရှိရာကို ကျမထွက်ပြေးလာခဲ့ပါတယ်။ အဲ့ဒီမှာ စလောင်ကျွမ်းလာပြီး ကျမ အော်ဟစ်ခဲ့ပါတော့တယ်” လို့ သူ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
ဒိုလီရဲ့ မိသားစုက လောင်ကျွမ်းနေသော သူမ မျက်နှာကို ရေဖြင့်လောင်းချပေးပြီး ဆေးရုံသို့ ပြေးခဲ့ပါတယ်။ အချိန်မီရောက်ရှိသွားပြီး မျက်လုံးများကို သန့်စင်ပေးခဲ့တဲ့အတွက် အမြင်အာရုံ မချွတ်ယွင်းခဲ့ရတာပါ။
သို့သော်လည်း နှာခေါင်းပေါက် ပျက်စီးသွားတဲ့အတွက် ဒီနေ့ချိန်ထိ အသက်ရှုခက်ခဲနေဆဲပါ။
“အမေကတော့ ကျမကို လှနေတုန်းလို့ ပြောပါတယ်။ နောက်ကျရင် မှန်ကြည့်လို့ ရမယ်လို့ပြောတယ်။ နောက်တော့ ညီမလေးက ရုတ်တရက် ကျမရှေ့ကို မှန်ယူလာခဲ့တယ်။ ကျမကြည့်လိုက်ပြီးတော့ ငိုခဲ့ရတယ်။ ပြီးတော့ အော်ခဲ့တယ်။”
ထို့နောက် ဒိုလီတယောက် အစားလည်းမစား အိမ်အပြင်လည်း မထွက်တော့ပါဘူး။ “ကျမသေသွားတာ ပိုကောင်းလိမ့်မယ်လို့ တွေးခဲ့တယ်”လို့ ဒိုလီက ဆိုပါတယ်။
Sheroes ကော်ဖီဆိုင်အကြောင်း သိခဲ့ရချိန်တွင် ဒိုလီရဲ့ ဘဝလေး စတင်ပြောင်းလဲခဲ့ပါတော့တယ်။ အဲ့ဒီကော်ဖီဆိုင်မှာ သူမနဲ့ ဘဝတူဖြစ်သော အက်ဆစ်ဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ Sonia ဆိုသူနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒိုလီကို အက်ဆစ်နဲ့ပက်တဲ့ တရားခံဟာ လက်ရှိမှာ အကျဉ်းကျနေပြီး မကြာသေးမီက အဲ့ဒီလူထံ ဒိုလီက “ရှင် ကျမ မျက်နှာကို ပျက်စီးအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျမရဲ့ ကောင်းကောင်းမွန်မွန် ရှင်သန်မှုကိုတော့ အက်ဆစ်နဲ့ပက်လို့ မရဘူး။”လို့ ရေးသားထားတဲ့ စာတစောင်ပို့ခဲ့ပါတယ်။
ဒိုလီတယောက် ကော်ဖီဆိုင်တွင် အလုပ်ကြိုးစားခဲ့ပါတယ်။ Sheroes ကော်ဖီဆိုင်က ဒိုလီကို ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြန်လည်ရရှိရန် ကူညီပေးခဲ့တာပါ။
သူမရဲ့ မျှော်လင့်ချက်ကတော့ ပညာဆက်လက်သင်ကြားပြီး တနေ့မှာ ဆရာဝန်တယောက်ဖြစ်လာဖို့ပါပဲ။
ဒီနေ့မှာ အက်ဆစ်နဲ့ တိုက်ခိုက်ခံရသော တခြားအမျိုးသမီးကို ဘာပြောချင်သလဲလို့ ဒိုလီကိုမေးတဲ့အခါ မှာ“ဘာတွေပဲ ဖြစ်ခဲ့ပါစေ ရှေ့ကိုပဲဆက်သွားပါ။ နောက်ပြန်မကြည့်ပါနဲ့လို့ သူမကို ပြောချင်ပါတယ်။”လို့ သူကဆိုပါတယ်။
By Naomi Grimley
Ref: BBC