ဒေါ်လာလောင်ဒေါင်နန်က ၂ဝ၁၅ ဧပြီလရဲ့ နောက်ဆုံးနေ့ကို မှတ်မှတ်ရရ ရှိနေပါသေးတယ်။ ကုလသမဂ္ဂစီမံကိန်းတစ်ခုကြောင့် သူတို့မိသားစုရထားတဲ့ ၂ ဧက အကျယ် မြေကွက်ရှေ့မှာ အဲဒီနေ့က ရပ်နေပြီး ရွာထဲကထွက်လာမယ့် လူတွေကို စောင့်ကြည့်နေတာပါ။ အဲဒီလူတွေကို အာဏာပိုင်တွေက လွှတ်လိုက်တာဖြစ်ပြီး သူစိုက်ထားတဲ့ ရာဘာပျိုးပင်တွေဆီကို ကျွဲနွားဝင်မလာအောင် ကာထားတဲ့ သံဆူးကြိုးစည်းရိုးကို ဖျက်မယ့်သူတွေပါ။
“သူတို့ ရောက်လာတော့ ကျမက တရွာတည်းသားတွေမို့ အဲဒီလိုမလုပ်ဖို့ တားပါသေးတယ်” လို့ သူက ပြန်ပြောပြနေစဉ်မှာပဲ သူရဲ့ ခနော်ခနဲ့ ဝါးအိမ်လေးရဲ့ ကြမ်းပြင်ပေါ်မှာ သူ့လိုပဲ မကျေမနပ်ဖြစ်နေတဲ့ အခြား လယ်သမားသုံးဦးလည်း ရှိနေပါတယ်။ သူ့တောင်းပန်စကားကို ခြံစည်းရိုး ဖျက်ဖို့လာသူတွေက အရေးမလုပ်ပါဘူး။ နောက်တနေ့ မနက်မှာတော့ စားကျက်ကို ရောက်လာတဲ့ တိရစ္ဆာန်တွေလက်ချက်ကြောင့် ၁၁ လသားအရွယ် ရာဘာပင်ပေါက်တွေ ပြားပြားဝပ်သွားပါတော့တယ်။
ဒေါ်ဒေါင်နန်၊ သူ့ခင်ပွန်းနဲ့ နောင်ချိန်းရွာသား ၁၆ ယောက်တို့ဟာ ကျေးရွာအာဏာပိုင်တွေနဲ့ တရားတဘောင်ဖြစ်ခဲ့ပါတယ်။ ရွာသားတွေက ဒီနေရာတွေကို သူတို့နေရာပြောပေမယ့် ကျေးရွာလူကြီးတွေကတော့ ဒီနေရာတွေဟာ စားကျက်မြေ ဧက ၁၆ဝဝ ထဲမှာ ပါတယ်လို့ ဆိုတယ်။ နောင်ချိန်းရွာဟာ မြစ်ကြီးနားကနေ မော်တော်ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် မိနစ် ၄ဝ လောက် ကြာပါတယ်။
သူတို့ရဲ့ မြေကွက်တွေကို စားကျက်မြေအဖြစ် ပြောင်းပစ်ဖို့ သက်ဆိုင်ရာက လာရောက်တိုင်ပင် အသိပေးတာလည်း မရှိခဲ့ဘူးလို့ ရွာသားတွေက ဆိုပါတယ်။ တရုတ်ကုမ္ပဏီတခုရဲ့ ငှက်ပျောစိုက်ခင်းအတွက် ဒီမြေဧက ၃ဝဝ ကို အာဏာပိုင်တွေက ငှားရမ်းဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း သူတို့က ယုံကြည်နေကြတာပါ။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာရော်ဟောင်ခေါင်ကတော့ သူတို့အနေနဲ့ မြေသိမ်းတာမဟုတ်ဘဲ ဥပဒေအရ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ Myanmar Now ကို ပြောပါတယ်။ သူ့အဆိုက ရွာသားတွေပြောတာနဲ့ ကွဲလွဲနေပါတယ်။ တရုတ်တွေက ဖရဲစိုက်ခင်းအတွက် မြေဧက ၇ဝ ကိုပဲ အသုံးပြုမှာလို့ သူက ပြောပါတယ်။ ဒီအစီအစဉ်က တရွာလုံး အလုပ်အကိုင်ရမှာဖြစ်ပေမယ့် ဆန္ဒပြမှုတွေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့၊ ရွှေအိုက်ရွာမှာလည်း ဒေသခံတွေက သူတို့ရဲ့ မြေယာဆုံးရှုံးမှုတွေအကြောင်း ပြောပြပါတယ်။
ရွာသစ်ကို ရွှေ့ပြောင်းဖို့ ငြင်းဆန်သူကို တရားစွဲမယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ကြောင်း ရွာသားတွေက ဆိုပါတယ်။ ကောလိပ်ကျောင်းအဆောက်အဦတခု အတွက် မြေဆုံးရှုံးရတယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။ တကယ်မဆောက်ဖြစ်တဲ့ ဆက်သွယ်ရေးတိုင်အတွက် နေရာဖယ်ပေးလိုက်ရတယ်လို့ ပြောလာတဲ့ ၆၅ နှစ်အရွယ် ဒေသခံတယောက် အပါအဝင် လူတချို့ကတော့ စစ်တပ်ကို ပြစ်တင်ကန့်ကွက်ပါတယ်။
၂ဝ၁၅ ဒီဇင်ဘာလအတွင်းက အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Land in Our Hands က မြန်မာပြည်အနှံ့အပြား ကျေးရွာပေါင်း ၃၂၉ ရွာက ဒေသခံ ၂၅ဝဝ ကျော်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး စာတမ်းတစ်စောင် ထုတ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မြေသိမ်းခံရမှု ရှမ်းပြည်နယ်ပြီးရင် ကချင်ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အထိန်းအကွပ်မဲ့ မြေသိမ်းမှုများ
“ကချင်ပြည်နယ်မှာ မြေသိမ်းမှုတွေ ဘယ်လောက်အထိ ဖြစ်နေလဲဆိုရင် မြေလွတ်ဆိုတာ မရှိတော့သလောက်ပဲ။ ဒေသခံရွာသားတွေအနေနဲ့လည်း မပြောရဲရှာဘူး။ မြေမဲ့ယာမဲ့တွေ အခုအများကြီးဖြစ်နေပြီး အများစုဟာ အသက်ရှင်ဖို့ ရုန်းကန်နေရတယ်” လို့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါ်ဘောက်ဂျာက Myanmar Now ကို ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတို့ အခွင့်အရေး တွေ ဆုံးရှုံးနေရသလို လူတသိန်းကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါပြီ။ ငြိမ်းချမ်းရေးရတဲ့အချိန် နေရပ်ရင်း ပြန်တဲ့အခါ စိုက်ပျိုးမြေတွေပြန်ရပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေသူ အများအပြား ရှိပါတယ်။ သူတို့က တပ်မတော်ကို မြေသိမ်းမှုတွေပြုလုပ်တယ်လို့ စွပ်စွဲကြပါတယ်။ တပ်မတော်က ဒေသတွင်း အင်အားအလုံးအရင်းနဲ့ တပ်စွဲမှု၊ တိုင်းရင်းသားလူနည်းစုတွေကို ဖိနှိပ်မှု၊ သဘာဝရင်းမြစ်တွေကို အတိုင်းအတာမရှိ ထုတ်လုပ်မှု အစရှိတဲ့ စစ်အစိုးရခေတ် ပြဿနာတွေကလည်း ဆက်လက်တည်ရှိနေပါတယ်။
မြေယာအငြင်းပွားမှုပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ကချင်ပြည်နယ်အတွင်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်တဲ့ အစိုးရသစ်နဲ့ လွှတ်တော်သစ်က လက်ရှိ အခြေအနေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသူတွေက အများအပြားပါပဲ။
“NLD အနေနဲ့ မျှမျှတတနဲ့ အခြေအနေကောင်းတခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ နောင်ချိန်းကျေးရွာဒေသခံတွေကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် လယ်သမားများကွန်ရက်မှ ဦးလဖိုင်ဇော်တောင်က ပြောပါတယ်။
“လယ်သမားအများစုက စစ်တပ်က သိမ်းလိုက်တဲ့ လယ်တွေကို ပြန်မတောင်းရဲဘူး၊ နောက်အစိုးရလက်ထက်မှာ ဒီကိစ္စတွေကို တောင်းဆိုနိုင်မလားလို့ စောင့်ကြည့်ရမှာပဲ” လို့ သူက ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် အရေးပါတဲ့ မြေယာ
မြေယာပိုင်ဆိုင်မှုနဲ့ အသုံးပြုပုံ အပြောင်းအလဲတို့ဟာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတို့နဲ့အတူ ပေါ်ပေါက်လာတဲ့ အကြောင်းအရာတခုပါ။ အခြေခံအဆောက်အဦကဏ္ဍ၊ ဖွံ့ဖြိုးရေး သို့မဟုတ် စိုက်ပျိုးရေးစီမံကိန်းကြီးတွေအတွက် မြေယာပိုင်ရှင်အပြောင်းအလဲဖြစ်လာပြီး မြေသိမ်းမှုများအပေါ် မကျေနပ်မှုတွေ၊ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါတယ်။
မြန်မာနိုင်ငံက လုပ်သားအင်အား ၇ဝ ရာခိုင်နှုန်းဟာ တနိုင်ငံလုံး ဂျီဒီပီရဲ့ ၄၄ ရာခိုင်နှုန်းအထိရှိတဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနဲ့ ပါဝင်နေတယ်လို့ အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ McKinsey & Co. အဖွဲ့က ဆိုပါတယ်။
နိုင်ငံရှိ မြေအားလုံးကို အစိုးရက ပိုင်ဆိုင်ပြီး လယ်သမားများအနေနဲ့ မြေယာအသုံးပြုပိုင်ခွင့်၊ ထွန်ယက်ခွင့်သာ ရရှိထားတာပါ။ ၅၁ သန်းသော ပြည်သူတွေထဲမှာ လူများစုဖြစ်နေတဲ့ လယ်သမားတွေအတွက် မြေယာကိစ္စဟာ အကဲဆတ်ပြီး ထိလွယ်ခိုက်လွယ်တဲ့ အခြေအနေ ဖြစ်လာပါတယ်။
လက်တွေ့အခြေအနေမှာ ဒီအခွင့်အရေးတွေအပေါ်မှာ လေးစားမှုမရှိသလို မြေသိမ်းခံရမှုကနေလည်း ကာကွယ်ပေးမထားပါဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
2015 Land in Our Hands စာတမ်းအတွက် ပါဝင်ဖြေဆိုသူ ၄၂ ဒသမ ၉ ရာခိုင်နှုန်းကတော့ သူတို့မှာ အစိုးရက ထုတ်ပေးထားတဲ့ မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်း ရှိပါလျက်နဲ့ မြေသိမ်းခံရတာလို့ ဆိုကြပါတယ်။
ဒီလိုမြေယာအငြင်းပွားမှု ပြဿနာဟာ တိုင်းရင်းသားဒေသတွေမှာ ပိုပြီး ကြီးမားတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ ၃ဝ ကနေ ၄ဝ ရာခိုင်နှုန်းခန့်ဟာ တိုင်းရင်းသား လူနည်းစုတွေဖြစ်ပြီး တိုင်းရင်းသား ပြည်နယ်တွေဟာ တနိုင်ငံလုံး အကျယ်အဝန်းရဲ့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။
မြန်မာနိုင်ငံက လက်ရှိမြေယာပြဿနာဟာ တိုင်းရင်းသားဒေသက တိုက်ပွဲတွေနဲ့လည်း ဆက်စပ်နေတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute က မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။
“မြေယာပိုင်ဆိုင်မှု ပြဿနာဟာ ပြည်တွင်းစစ်ဖြစ်ပွားရခြင်းရဲ့ အဓိကကြောင်းရင်းဖြစ်ပြီး ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးနေဦးမှာပါ” လို့ အဆိုပါ စာတမ်းမှာ ဖော်ပြထားပါတယ်။
အင်အားကြီး ယုဇနကုမ္ပဏီကို မြေသိမ်းမှုနဲ့ တရားစွဲခဲ့ပေမယ့် နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့ရတဲ့ ကချင်ပြည်နယ်ရဲ့ အမျိုးသားဒီမိုကရက်တစ် အင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကလည်း ဒီစာတမ်းကို ထောက်ခံပါတယ်။
“မြေသိမ်းပြဿနာတွေ မရှင်းနိုင်ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။
သေနတ်နဲ့ အုပ်ချုပ်ရေး
တက်ကြွလှုပ်ရှားသူများဖြစ်တဲ့ ဒေါ်ဘောက်ဂျာ၊ ဦးဇော်တောင်တို့က ရွာသားတွေ ကိုယ့်ကိုယ်ကိုယ် အားကိုး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်အောင် ပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုအတွက် အချိန်ယူဖို့လိုအပ်ပါတယ်။
ရွှေအိုက်ရွာသားတွေဖြစ်တဲ့ ၆၅ နှစ်အရွယ် ဒေါ်အားတီ၊ ၄၅ နှစ်အရွယ် ဦးရိုင်မြော်တို့ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ရွာကို စစ်တပ်အကြီးအကဲတယောက်လာပြီး အစည်းအဝေးလုပ်တုန်းက တုန်လှုပ်ထိတ်လန့်ခဲ့ရတာကို သတိရနေတုန်းပါ။
“ကျနော်တို့နေထိုင်တဲ့ နေရာကနေ ဖယ်ပေးဖို့ မပြောခင် သူက ခါးကြားက ပစ္စတိုကို စားပွဲပေါ်အရင်တင်လိုက်တယ်။ ပြီးတော့ ခင်ဗျားတို့ထဲက ဘယ်သူ ဘာပြောစရာရှိသေးလဲ လို့ မေးတော့ ကျနော်အရမ်းကြောက်သွားတယ်” လို့ ဦးရိုင်မြော်က ပြန်ပြောပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကစပြီး စိတ်ဓာတ်တက်ကြွလာကြောင်း ပြောပါတယ်။ ဒေါ်ဘောက်ဂျာ အကူအညီနဲ့ ဒီပြဿနာကို ဗဟိုအစိုးရအာဏာပိုင်များထံ စာရေးတင်ပြခဲ့ပြီးနောက် သူတို့နေအိမ်နဲ့ လယ်ယာများကို ပြန်ရခဲ့ပါတယ်။
“ကျမကတော့ အလျှော့မပေးနိုင်ဘူး။ ဒါက ကျမပိုင်တဲ့နေရာပါ” လို့ ဒေါ်အားတီက ပြောပါတယ်။ ဒေါ်အားတီဟာ ၁၉၈၂ က စပြီး သူပိုင်ဆိုင်ခဲ့တဲ့ စိုက်ပျိုးရေးခြံကနေ ဖယ်ပေးဖို့ ၂ဝဝ၆ မှာ ဖိအားပေးခံရသူပါ။ တပ်မတော်က ဆက်သွယ်ရေးတိုင် ထူမယ်လို့ ဆိုပေမယ့် ယခုအချိန်အထိ ဘာတိုင်မှ လာမစိုက်ကြောင်း ပြောပါတယ်။
မြေသိမ်းခံရမှုတွေက နိုင်ငံရေးအရပါ အငြင်းပွားဖွယ်ရာဖြစ်နေတာကြောင့် လွှတ်တော်က မြေယာစုံစမ်းရေးကော်မရှင်ကို ၂ဝ၁၂ မှာ စတင်ဖွဲ့စည်းပြီး ဒီပြဿနာတွေကို စုံစမ်း စစ်ဆေးခဲ့ပါတယ်။
“ကော်မရှင်စဖွဲ့ပြီး နှစ်နှစ်မပြည့်ခင်မှာပဲ အမှုပေါင်း ၃ဝ,ဝဝဝ ကျော် ရောက်လာပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံကို စစ်ဆေးရပါသေးတယ်။ လျော်ကြေးငွေ ပေးဖို့ ဆုံးဖြတ်လိုက်တာက ၄ ရာခိုင်နှုန်းလောက်ပေါ့ ၊ အမှု ၁,ဝဝဝ ထက် နည်းပါတယ်” လို့ မြေယာအခွင့်အရေး နိုင်ငံတကာ NGO အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Namati က ထုတ်ပြန်ချက်တစ်စောင်မှာ ရေးထားပါတယ်။
NLD အစိုးရသစ်အနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာပါပြီးဖြစ်တဲ့ မြေယာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးမယ်၊ မြေယာလုပ်ပိုင်ခွင့် ခိုင်မာမှုနဲ့ မြေယာမဲ့တွေကို အကူအညီပေး မယ်ဆိုတဲ့ အချက်တွေကို တည်တံ့အောင် လုပ်ဆောင်မယ်လို့ ပြည်သူအများအပြားက ယုံကြည်ထားကြပါတယ်။
ပါတီရဲ့ လုပ်ငန်းစဉ်ထဲမှာ လယ်သမားတွေ တရားမဝင် ဆုံးရှုံးလိုက်ရတဲ့ လယ်တွေ ပြန်ရဖို့၊ မြေယာအမှန်တကယ် ဆုံးရှုံးမှုတွေ အတွက် လျော်ကြေးတွေပြန်ရဖို့နဲ့ နောက်ထပ် ဒီလို မြေယာသိမ်းမှုတွေ မဖြစ်အောင်လို့ ကာကွယ်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒေါက်တာခွန်ဝင်းသောင်းဟာ NLD ရဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် (၁၁) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်ကုသရေးဆရာဝန်တဦးဖြစ်ပြီး ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရပြီး ထောင်ငါးနှစ်ကျခဲ့ပါတယ်။ သူလုပ်ခဲ့ရတဲ့ လုပ်ငန်းသဘောသဘာဝအရ လယ်သမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကောင်းကောင်း နားလည်တယ်လို့ ဆိုပါတယ်။
“တောင်သူလယ်သမားတွေဆိုတာ ကျနော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ သူတို့ ခံစားနေရတာတွေကို နားလည်ပါတယ်။ ဒီမြေယာသိမ်းခံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
ဒေါ်ဒေါင်နန်နဲ့ သူ့ခင်ပွန်း ဦးခန်ဖန်တို့ကတော့ သူတို့မြေတွေမှာ ပြန်ပြီး စိုက်ပျိုးဖို့ ပြင်ဆင်နေသလို ဒီမြေတွေကို စားကျက်မြေဆိုပြီး ပြန်အသိမ်းမခံရအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ စားကျက်မြေတွေမှာ နှစ်ရှည်ပင်တွေစိုက်ဖို့ ခွင့်မပြုဘူးဆိုတဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် ရှိတာကြောင့် ဒီတကြိမ်မှာတော့ စပါးစိုက်မယ်လို့ ဆိုပါတယ်။
“ဒီလို မကန့်ကွက်ရင် ကျနော်တို့မြေတွေအားလုံး တရုတ်ကုမ္ပဏီလက်ထဲကို ရောက်သွားလောက်ပြီ” လို့ ဦးခန်ဖန်က တချိန်က သူပိုင်ခဲ့တဲ့ မြေကွက်ရဲ့ ခြံစည်းရိုးတိုင်ပေါ်မှာ လက်ကို တင်ရင်း ပြောလိုက်ပါတယ်။
(သင်းလဲ့ဝင်းသည် ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာနကို တည်ထောင်သူလည်းဖြစ်၊ သတင်းထောက်ချုပ်လည်း ဖြစ်သည်)