ရှမ်းပြည်နယ်အတွင်း စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည့် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ(CSSU) က ယင်းကော်မတီတွင် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့များနှင့် ရှမ်း နိုင်ငံရေး ပါတီများအပြင် ပြည်နယ်တွင်းရှိ အခြားတိုင်းရင်းသား အဖွဲ့များလည်း ပါဝင်လာရန် ကြိုးပမ်းသွားမည်ဟု ယနေ့ ပြောဆိုလိုက်သည်။
CSSU တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွ့ဲချုပ် (SNLD)၊ ရှမ်း လူငယ်ကွန်ရက်နှင့် ရှမ်း ရှေ့နေ ကွန်ရက်တို့ ပါဝင်ကြောင်း သိရသည်။
“ကျနော်တို့ ဒီအစည်းအဝေးမှာပဲ ထပ်ဆွေးနွေးသွားမယ်။ ဘာလိုလဲဆိုတော့ တခြားတိုင်းရင်းသားတွေ ပါဝင်လာအောင် ဘယ်လို ဆွေး နွေးသွားမှာလဲဆိုတာ အစည်းအဝေးမှာ ထပ်ပြီးဆွေးနွေးသွားမယ့် အချက်အလက်တွေ ဖြစ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းမိန်းက ယနေ့ ရန်ကုန်မြို့ မီကာဆာ ဟိုတယ်၌ ပြုလုပ်နေသည့် CSSU ညီလာခံတွင် ပြောဆိုသည်။
ကော်မတီအနေဖြင့် ယခုပြုလုပ်နေသည့် CSSU ညီလာခံတွင် ရှမ်းအဖွဲ့အစည်းများ သာမက နောင်တွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်ရေးနှင့် ရှေ့အနာဂတ် အပြောင်းအလဲကိစ္စများ၊ ရှမ်းပြည် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ် သက်သည့် အခန်းကဏ္ဍ ဆိုင်ရာများကို မတ်လ ၃ ရက် မှ ၅ ရက်အထိ ဆွေးနွေးသွားမည်ဟုလည်း RCSS/SSA မှ ဗိုလ်မှူး စိုင်းမိန်း က ဧရာဝတီ ကို ပြောသည်။
ယခုပြုလုပ်နေသော အစည်းအဝေးအတွင်း လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ ရှမ်း တိုင်းရင်း သား များ၏ အခွင့်အရေး၊ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်မှု ရှိ မရှိ ၊ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးသွားမည်ဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကလည်း သတင်း မီဒီယာများကို ပြောပြသည်။
“ကျနော်တို့ ရှမ်းပြည်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားပါတီ နောက် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ စုပါတယ်။ လောလော ဆယ် တောင် SNDP က မတက်နိုင်ပါဘူး။ ဒါလည်း သူတို့ အခက်အခဲကြောင့်မို့လို့ပါ။ တချိန်ကျရင်တော့ တခြားရှမ်းပြည် တိုင်းရင်းသား အဖွဲ့ အစည်းတွေကို ဒီထဲမှာ ပါဝင်လာဖို့အတွက် ဆက်ဆံရေးအဖွဲ့တွေ ဖွဲ့စည်းသွားပြီးတော့ တိုးချဲ့သွားဖို့ ရှိပါတယ်”ဟု စိုင်းလိတ်က ဆိုသည်။
CUSS ကော်မတီ၏ အဓိကဦးတည်ချက်သည် ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းလုံးညီညွတ်ရေးဖြစ်ပြီး စည်းလုံးညီညွတ်မှု မရှိပါက လုပ်ငန်းများ အောင်မြင်မည် မဟုတ်ကြောင်း CUSS ကော်မတီ၏ သဘာပတိ ဖြစ်သူ RCSS/SSA ဥက္ကဋ္ဌ စဝ်ရွက်ဆစ်က ယနေ့ညီလာခံတွင် ပြောဆိုသည်။
ဆက်လက်ပြီး စပ်ရွက်ဆစ်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်(NCA) နှင့် ပတ်သက်၍ နားလည် သဘောပေါက်သည့် ပုံစံခြင်း တူညီကြမည် မဟုတ်ကြောင်း NCA ကြောင့် စိတ်ဝမ်းကွဲမှုဖြစ်ခြင်းကို မလိုလားကြောင်း၊ ထို့ကြောင့် NCA ကိစ္စကို အရင်းပြုပြီး ရှေ့ဆက်လုပ်ငန်းများအတွက် မည်ကဲ့သို့ လက်တွဲလုပ်ဆောင် သွားမည်ကို ဆွေးနွေးသွားရန် ဖြစ်သည်ဟု လည်း ပြောဆိုသည်။
SSPP/SSA မှ ဗိုလ်မှူး စိုင်းဖုန်းဟန်ကလည်း“အဓိက ရှမ်းတွေ ညီညွတ်ဖို့အတွက် အရင်လုပ်တာပါ။ နောက်တဆင့် တခြား တိုင်းရင်း သားတွေ ပါလာဖို့ ဆက်လုပ်မယ်။ အဓိကတော့ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းစွာ အတူတွဲ နေထိုင်ရေးပါပဲ”ဟု ဧရာဝတီကို ပြော သည်။
CSSU ကော်မတီ အား ၂၀၁၃ ခုနစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။