အယ်နီညိုဖြစ်စဉ်ကြောင့် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရပြီး သောက်သုံးရေ လုံလောက်စွာ မရရှိသည့် မြို့နယ် ၂၆ ခုမှ ကျေးရွာ ၄၉ ရွာသို့ အရေးပေါ် ရေပေးပို့နေရကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြုးရေး ဝန်ကြီးဌာနက ဧရာဝတီသို့ ပြောသည်။
မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က“လက်ရှိ ရေပို့ပေးရတာ ၄၉ ရွာပဲ ရှိသေးတယ်။ တချို့ရွာတွေက ရေတွင်းတူးလို့ရရင် တူးပေးလိုက်တယ်။ ရခိုင်ဘက်မှာ ရေကန်ထဲ ရေချိုမောင်းထည့်ပေးတာလည်း ရှိပါတယ်။ ကျနော်တို့ နည်းမျိုးစုံနဲ့ ကြိုးစားလုပ်ဆောင်ပေးနေတဲ့ နေရာမှာ ဌာနဆိုင်ရာနဲ့ အလှူရှင်တွေပါ အားလုံး ပူးပေါင်း လုပ်ဆောင် နေတာပါ”ဟု ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခန့်မှန်းချက်အရ ယခုနှစ် နွေရာသီတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း ၁၇၀၀ ကျော် ရေရှားပါး ပြတ်လပ်မှုဒဏ် ခံရနိုင်ပြီး ယခုမတ်လအတွင်း၌ ကျေးရွာ ၁၀၀၀ ခန့် ရေပြတ်လပ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
မတ်လအတွင်း ရေပြတ်လတ်မှု ပြဿနာများအတွက် ဦးစီးဌာနအနေဖြင့် အသုံးစရိတ် ကျပ် ၇၈ သန်းကျော် လျာထားသုံးစွဲလျက်ရှိပြီး ဧပြီနှင့် မေလများအတွက်မူ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်သစ်၏ ရံပုံငွေထဲမှ သုံးစွဲရမည်ဖြစ်သဖြင့် စိုးရိမ်စရာမရှိဟု မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြုးရေး ဝန်ကြီးဌာနက ပြောသည်။
နှစ်စဉ် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရသည့် ဒလမြို့နယ်မှ ဒေါ်ဖြိုးဖြိုးက“ရေက ပြတ်တဲ့နေရာတွေတော့ ပြတ်နေပြီ။ ဒီလကုန် လောက်ဆို ရေက ပြတ်နေကြပဲ။ တချို့နေရာတွေမှာ ပိုက်သွယ်ပေးတာ ရှိပေမယ့် အများစုက အလှူရှင်တွေပဲ အားကိုးနေရတယ်။ အား လုံးကို ပိုက်လေးတွေနဲ့ သွယ်ထားပေးစေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရေပြတ်လတ်မှု ပြဿနာကို ဧရာဝတီ၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အများဆုံး ကြုံတွေ့ရနိုင်ပြီး အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ယမန်နှစ်ထက် ရေရှားပါးမှုကို ပိုမိုကြုံတွေ့ရနိုင်ကြောင်း အစိုးရနှင့် သဘာ၀ ပတ်ဝန်းကျင် ပညာ ရှင်များက သတိပေးထားသည်။