အမျိုးသမီးတွေရဲ့ အမြင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါသင့်တယ်
This article has been converted from Zawgyi One to Unicode
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမို ပါဝင်ဆောင်ရွက်ခွင့် ရရန် အမျိုးသမီးရေး လှုပ်ရှားသူများ၊ အမျိုးသမီးများ ဦးဆောင်သော ငြိမ်းချမ်းရေး လှုပ်ရှားသည့်အဖွဲ့များက ၃ ရက်ကြာ မဟာဗျူဟာကျကျ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင် (ခေါ်) ဇင်းမယ်မြို့တွင် ဖေဖော်ဝါရီ ၂၇ မှ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲကို လူမှုအသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းရေး စကားဝိုင်းများ ဆောင်ရွက်နေသည့် ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ ငြိမ်းဖောင်ဒေးရှင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာရေးအတွက် လှုပ်ရှားနေသော “ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP)” ၏ အဖွဲ့ဝင် အဖွဲ့အစည်းတခု ဖြစ်သည်။
AGIPP တွင် ကွန်ရက်အဖွဲ့ဝင် ၈ ဖွဲ့ ပါဝင်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ aနာက်ပိုင်းတွင် အမျိုးသမီးများ ငြိမ်းချမ်းရေးတွင် ပိုမို ပါဝင်လာရေးကို ခပ်စိပ်စိပ် ဆော်သြလာသည့် အဖွဲ့ဖြစ်သည်။ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ AGIPP ပဲ့ကိုင်ကော်မတီဝင်တဦးလည်းဖြစ်၊ ငြိမ်းဖောင်ဒေးရှင်းမှ လက်ထောက်ဒါရိုက်တာလည်းဖြစ်သည့် ဒေါ်နန်းရော်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ ငြိမ်းချမ်းရေးမှာ အမျိုးသမီးများ ပိုမိုပါဝင်လာခြင်းက မြန်မာပြည်မှာ ပိုမို တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ်ဆိုတဲ့ အစည်းအဝေး လုပ်ဖြစ်တာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ၊ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) မှာ ပါခဲ့တဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ အမြင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါသင့်တယ်လို့ ထင်တဲ့ အမျိုးသမီးတွေကို ဖိတ်ခေါ်ပြီး အမြင်တွေ ဖလှယ်တာက အဓိက ဖြစ်ပါတယ်။
ဖလှယ်ရာကနေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက်၊ နောက် အမျိုးသမီးတွေ ပိုမို ပါဝင်လာခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ပိုပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ကျမတို့ အမျိုးသမီးတွေရဲ့ ယုံကြည် ခံယူချက်ကိုလည်း ခိုင်မြဲအောင် လုပ်ဆောင် ချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။
မေး ။ ။ ဒီဆွေးနွေးပွဲမှာ နယ်ပယ်စုံက အမျိုးသမီးတွေ ပါတယ်လို့ ပြောလို့ရလား။ တက်ရောက်သူ ဘယ်နှယောက် လောက်က ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နေသူ ဘယ်လောက်ပါသလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ လွှတ်တော်အမတ်တွေ၊ အစိုးရက ဖွဲ့စည်းထားတဲ့ အမျိုးသမီးရေးရာအဖွဲ့က အမျိုးသမီးတွေ၊ လူထု အခြေပြု တိုင်းရင်းသားဒေသ အသီးသီးက အမျိုးသမီးအဖွဲ့ အစည်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ ပါတယ်၊ နောက် လက်နက်ကိုင်အဖွဲ့က အမျိုးသမီး ခေါင်းဆောင်တွေလည်း ပါတယ်။ တက်ရောက်သူ ၅၀ နီးပါးထဲမှာ တဝက်လောက်က ထဲထဲဝင်ဝင် ပါနေတဲ့သူတွေပါ။
မေး ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အခုလို ဆွေးနွေးပွဲတွေကို ဘယ်တုန်းတည်းက စပြီး ဆောင်ရွက်နေတာလဲ။
ဖြေ ။ ။ ကျမတို့က အမျိုးသမီးများတွေကြား peer-to-peer အစီအစဉ်နဲ့ ၂၀၁၂ ခုနှစ်ကတည်းက ယခုလို ဆွေးနွေးမှုတွေကို လူမှုအဝန်းအဝိုင်းအတွင်း လုပ်ဆောင်နေပါတယ်။ အမျိုးသမီး ၁၀-၁၂ ဦးနဲ့လောက်ပါပဲ။ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ ပါနေတဲ့ လက်နက်ကိုင်အဖွဲ့က အမျိုးသမီးတွေနဲ့ ဆောင်ရွက်ခဲ့တယ်။ ဥပမာ မွန်ပြည်သစ်ပါတီက ဆရာမ မိဆာဒါးတို့လို့၊ ကရင်အမျိုးသားအစည်းအရုံးက ဆရာမ နော်စီဖိုးရာစိန်တို့လို့ အမျိုးသမီးတွေ ပါခဲ့တယ်။
၂၀၁၅ ခုနှစ်မှာ အမျိုးသမီး လွှတ်တော်အမတ်တွေပါ ပါလာတယ်။ ဒီနှစ်ဆို လူထုအခြေပြုအဖွဲ့များမှ အမျိုးသမီး ခေါင်းဆောင်တွေကို ထပ်ဖိတ်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ခေါင်းဆောင်ပိုင်းတွေကိုပါ ဖိတ်ခေါ်ပြီး ကျမတို့ အတွေ့အကြုံတွေကို မျှဝေဖို့ လုပ်တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက တကယ့်ကို ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ လူတွေနဲ့ အရင်စလိုက်ပြီး တဖြည်းဖြည်း တိုးတိုးပြီး လုပ်လာတာ ဒီတခေါက်ကတော့ ဒါ လူများများလည်း ပါတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်။
မေး ။ ။ မြန်မာပြည်က အမျိုးသမီးတွေ အများစု ပါဝင်တဲ့ ဒီဆွေးနွေးပွဲကို မြန်မာပြည်ထဲမှာ ဘာကြောင့် မလုပ်တာလဲ။
ဖြေ ။ ။ ပုံမှန်ကတော့ မြန်မာပြည်မှာပဲ လုပ်ပါတယ်။ ဒီမှာ လုပ်ဖြစ်တဲ့ အကြောင်းရင်းတချို့က တချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) က ခေါင်းဆောင်တွေ အနေနဲ့လည်း ဒီမှာပဲ လာတာ အဆင်ပြေတယ်။နောက်တခုက မြန်မာပြည်ထဲက ခေါင်းဆောင်တွေ အနေနဲ့လည်း မြန်မာပြည်ထဲမှာ လုပ်တဲ့အခါ အလုပ်တွေက သူတို့နောက်ကို လိုက်တယ်။ အဲဒီအခါကျတော့ သေချာမဆွေးနွေးနိုင်ဘူး။ အလုပ်ကိုလည်း ဖြတ်ပြီး ထဲထဲဝင်ဝင် သေချာ ဆွေးနွေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးလည်း ပါပါတယ်။
မေး ။ ။ ဆွေးနွေးချက်တွေကနေ ဘယ်လို ရလဒ်တွေ ထွက်လာဖို့ မျှော်လင့်ထားလဲ။ လူထုကိုရော ဘယ်လို ပုံစံနဲ့ ပြန်လည် မျှဝေသွားမလဲ။
ဖြေ ။ ။ နဂိုတုန်းကဆိုရင် ကျမတို့ ဆောင်ရွက်တာ peer-to-peer ပေါ့နော်။ အတွေ့အကြုံ ဖလှယ်တယ်။ သင်ယူတယ်။ အဲဒီလောက်ပဲ။ ဒီတခေါက်ကို မဟာဗျူဟာကျကျ ဆွေးနွေးပွဲပေါ့။ အခေါ်အဝေါ်ကအစ ပြောင်းတယ်။ အထူးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အမျိုးသမီးခေါင်းဆောင်တွေ အင်နဲ့အားနဲ့ ပါဝင်လာစေဖို့ပေါ့နော်။ ၃၀ ရာခိုင်နှုန်း ကိုတာ ပေးထားပေမယ့် ကျမတို့ မပြည့်နိုင်သေးဘူး။ အဲဒီအတွက်ကို ဘယ်လို strategy တွေ ချနိုင်မလဲ။ ဘယ်လို လက်တွေ့ကျ တဲ့ အစီအစဉ်တွေကို ချမှတ်နိုင်လာဖို့လည်း မျှော်လင့်ပါတယ်။
ကျမတို့ရဲ့ ဆွေးနွေးပွဲက ရလဒ်တွေကို AGIPP နဲ့ ငြိမ်းဖောင်ဒေးရှင်းရဲ့ ဝက်ဘ်ဆိုက်တွေ တခြားအဖွဲ့ဝင်၊ အဖွဲ့တွေရဲ့ ဝက်ဘ်ဆိုက်မှာလည်း ပြန်လည် ဖော်ပြသွားမှာပါ။