ရန်ကုန်မြို့တွင် ၃ ရက်ကြာ ကျင်းပရန် စီစဉ်ထားသည့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ညီလာခံကို အစိုးရ အာဏာပိုင်များက လာရောက် တားဆီးသဖြင့် အစည်းအဝေးကို ပိတ်လိုက်ရကြောင်း သိရသည်။
အဆိုပါ ညီလာခံကို ယမန်နေ့တွင် ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် စတင်ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်ရေး နှင့် ရှေ့အနာဂတ် အပြောင်းအလဲ ကိစ္စများ၊ ရှမ်းပြည် ဖက်ဒရယ် ပြည်ထောင်စု နှင့် ပတ်သတ်သည့် အခန်းကဏ္ဍများကို အဓိကထား ဆွေးနွေးသွားမည့် ညီလာခံ ဖြစ်ကြောင်း သိရသည်။
ညီလာခံ ကျင်းပမှုနှင့် ပတ်သတ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းလိတ် က “စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တွေက ကျနော်တို့ အစည်းအဝေးပွဲကို ဝင်ခွင့်တောင်းတယ်။ ကျနော်တို့ ဝင်ခွင့် မပေးဘူး။ ခွင့်ပြုချက် ရလားဆိုပြီး မန်နေဂျာကို ရစ်တယ်။ ခွင့်ပြုချက်တင်ပါ။ အစည်းအဝေးပြီးတော့ ရန်ကုန်အနောက်ပိုင်း ခရိုင်ရုံးကို ရောက်သွားတော့ အုပ်ချုပ်ရေးမှူးဆိုတဲ့သူဆီ စာသွားတင်တော့ အချက်အလက် မပြည့်စုံဘူး။ ဘာတွေလိုလဲ လို့မေးတော့ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အဲဒီချိန်က ၅ နာရီခွဲနေပြီ။ ခွင့်ပြုကြောင်း စာရေးပါလို့ပြောတော့ မရေးရဲဘူး။ ခွင့်မပြုဘူးလားလို့ ပြောတော့ အဲဒီလိုလည်း မပြောပါဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်မှ ခွင့်ပြုချက်စာ မပြနိုင်သည့်အတွက် ဒုတိယနေ့အဖြစ် ယနေ့ပြုလုပ်မည့် Summit Parkview ဟိုတယ်မှ မန်နေဂျာကလည်း ညီလာခံ ကျင်းပခွင့် မပြုနိုင်ကြောင်း ပြောဆိုသည်ဟု စိုင်းလိတ်က ထပ်မံပြောသည်။
ဆက်လက်ပြီး RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလ က “အာဏာပိုင်တွေက ပိတ်တာပါ။ စရဖက လာပြီး အပေါ်အမိန့်အရ ခွင့်ပြုချက်တွေ ရပြီးမှ လုပ်ခွင့်ပေးပါမယ်လို့ ပြောတယ်။ မီကာဆာရော၊ Summit မှာလည်း မလုပ်တော့ဘူး။ အစည်းအဝေးတော့ မလုပ်တော့ဘူး။ ဆွေးနွေးပွဲကတော့ ဆက်လုပ်ပါမယ်။ အစီအစဉ်ကတော့ ပျက်သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
CSSU ကို ကော်မတီအဖွဲ့ဝင် ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ( SSJAC)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွ့ဲချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီ၊ ရှမ်းလူငယ်ကွန်ရက် နှင့် ရှမ်းရှေ့နေကွန်ရက်တို့ ပါဝင်ကြောင်း သိရသည်။
CSSU သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ တွင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။