ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် အတွင်း ရပ်ဆိုင်းထားသည့် ရွှေတူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် လုပ်ငန်း ရှင်များက ဒေသခံများကို ငွေကြေးများ ပေး၍ ကြိုးပမ်းနေသည်ဟု သတင်းရရှိသည်။
အဆိုပါ ရွှေလုပ်ကွက်များသည် တာချီလိတ်ခရိုင် နားဟိုင်းလုံ ကျေးရွာအနီးတွင် တည်ရှိပြီး လုပ်ငန်းများပြန်လည် စတင်နိုင်ရန် ကုမ္ပဏီ ၃ ခုဖြစ်သည့် လွယ်ခမ်းလုံ၊ စိုင်းစိုက်ပျိုးရေး၊ တာချီလိတ် ရွှေတောင် ကုမ္ပဏီတို့က နာဟိုင်းလုံ ကျေးရွာ မှ ဒေသခံ ၃၀ ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တာချီလိတ်မြို့ သတ္တုတွင်းရုံးသို့ ခေါ်ကာ လယ် ၇ ဧက အတွက် တဧကလျှင် ထိုင်း ဘတ်ငွေ ၁၂၀၀၀ ပေး ၍ ရွှေတူးဖော်ရေး ပြန်စမည်ဟု နားဟိုင်းလုံ ကျေးရွာမှ တောင်သူလယ်သမား ကွန်ရက်မှ စိုင်းလျှိုး က ဧရာဝတီသို့ပြောသည်။
ရွှေတူးဖော်ရေး လုပ်ငန်းကြောင့် နားဟိုင်းလုံ ကျေးရွာရှိ လယ်ယာမြေ ဧက ၃၀၀ ကျော်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး ၁၆၈ ဧကသာ လျော်ကြေးငွေ ရရှိခဲ့ကြောင်း၊ ထို့အပြင် ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံ ကျေးရွာအနီးရှိ နမ့်ခမ်းချောင်း တခုလည်း တိမ်ကောခဲ့ကြောင်း၊ ထို့ကြောင့် အာဏာပိုင်များက ရပ်ဆိုင်းခိုင်းထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“သူတို့ လျော်ပြီးရင် သူတို့ ဆက်လုပ်မယ်လို့ပြောတယ်။ ဆက်မလုပ်ရရင် သူတို့ လျော်ကြေးမပေးဘူး။ ဆက်လုပ်ရမှ လျော်မယ်လို့ပြောတယ်။ ရွာက လူတွေကတော့ အများစုက သဘောမတူဘူး။ သူတို့ဆုံးရှုံးမှုက ငွေထက် ပိုများတယ်ဆိုပြီး ပြောကြပါတယ်။ တချို့က ငါတို့ မယူရင် မရဘူး။ တချို့ကြတော့ မယူကြဘူး”ဟု စိုင်းလျှိုးက ပြောသည်။
ရွှေတူးဖော်သည့် ကုမ္ပဏီများသည် ပျက်စီးသွားသည့် လယ်ယာပိုင်ရှင်များအား လာရောက်ခေါ်ဆောင်ပြီး ငွေကြေး ပေးသည့်ကိစ္စကို တာဝန်ရှိသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် မသိရှိကြောင်း၊ ရွှေတူးဖော်သည့် လုပ်ငန်းများ ပြန်လည် လုပ်ဆောင်မည်ကို လည်း စိုးရိမ်နေကြောင်း နားဟိုင်းလုံကျေးရွာ မှ ဒေသခံများကို ကူညီပေးနေသည့် နန်းလာ က ဧရာဝတီ သို့ ပြောသည်။
“သူတို့ ပြောတာကတော့ ဆက်လုပ်ဖို့ လျော်ပေးတယ်လို့ပြောတယ်။ ရွှေ ဆက်တူးမယ်ဆိုရင်တော့ သဘောမတူဘူး။ အခုပုံစံဆို ရင် ဆက်လုပ်ဖို့ ရှိတယ်လို့ သဘော သက်ရောက်နေပါတယ်။ တကယ်တော့ ဆက်လုပ်ဖို့ကတော့ ကျမတို့ လယ်ယာပျက်စီးသွားတဲ့ သူတွေကတော့ သဘောမတူနိုင်ဘူးလေ”ဟု နန်းလာ က ဆိုသည်။
ရွှေတူးဖော်မှုကြောင့် လယ်ယာမြေများပျက်စီး၍ လယ်လုပ်ရန် အခက်ကြုံနေပြီး ချောင်းများတိမ်ကောမှုများလည်း ဖြစ်ပေါ်နေသဖြင့် ထိုဒေသခံများသည် ထိုင်းနှင့် လာအိုဘက်သို့ သွားရောက် လုပ်ကိုင်နေရကြောင်းလည်း နန်းလာက ပြောသည်။
ရွှေတူးဖော်လုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်သည့် ရွာသားများကို နှုတ်ပိတ်ထားရန် ကုမ္ပဏီများက ငွေပေးနေကြောင်း၊ ဒေသခံများသည် ရွှေတူးဖော်မှုကို ရပ်ဆိုင်းစေချင်ပြီး ယခင်အတိုင်း ပြန်၍ လယ်ယာစိုက်ပျိုးချင်း ကြကြောင်း ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခွန်းမိုင် ကလည်း ဧရာဝတီသို့ ပြောသည်။
“ဒေသခံတွေက ဘာမှမသိဘဲ ယူတာ။ ဘာလို့လဲ ဆိုတော့ အရင်တခါ လျော်ကြေးငွေ ပေးတုန်းက သူတို့ မရလိုက်ဘူးလေ။ အဲ့ဒီ ဟာ အရင်နှစ်မရတာ သူတို့ သွားယူကြတာ။ ဒေသခံတွေက ကုမ္ပဏီတွေကို ရွှေဆက်မတူးဖို့ သွားမပြောရဲဘူး။ ဘာလို့လဲ ဆိုတော့ ဒီဇင်ဘာတုန်းကလည်း ရွှေတူးတဲ့နေရာကို ဒေသခံတွေသွားကြည့်တာ သေနတ်နဲ့ပစ်ခံရပြီး ဒေသခံ တဦးသေဆုံးခဲ့တယ်”ဟုလည်း စိုင်းခွန်းမိုင် က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်မည့် အစိုးရသစ် အနေဖြင့် နာဟိုင်းလုံကျေးရွာ အနီးရှိ ရွှေတူးဖော်ရေး လုပ်ငန်းကို ကွင်း ဆင်း စစ်ဆေးပေးစေချင်ပြီး ရွှေတူးဖော်မှုကြောင့် ဒေသခံများခံစားနေရသည့် အခက်အခဲများနှင့် လယ်ယာစိုက်ပျိုးခွင့်ပြန်ရရှိရန် ကူညီပေးစေချင်ကြောင်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။
၂၀၁၅ ခုနစ် အောက်တိုဘာလ ၁၃ ရက်တွင် နာဟိုင်းလုံကျေးရွာမှ ရွာသား ၁၄ ဦးသည် လယ်ယာစိုက်ပျိုးရန် လယ်ကွက်ထဲသို့ ရေ မဆင်းသဖြင့် ရွှေဆက်လက် တူးဖော်နေသည့် လွယ်ခမ်းလုံ ရွှေလုပ်ကွက်ကို သွားရောက်ကြည်ရှုပြီး အပြန်တွင် လုပ်ကွက်၌ လုံခြုံရေး ယူထားသော စစ်သားက သေနတ်ဖြင့် ပစ်လိုက်သဖြင့် ရွာသားတဦးဖြစ်သည့် လုံးဆမ်ကို ထိမှန်သေဆုံးပြီး ရွာသား ၆ ဦး ဒဏ် ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။
နာဟိုင်းလုံ ရွာသားတဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ၂၀၁၆ ဇန်နဝါရီ ၁၄ ရက်နေ့တွင် တာချီလိတ် တရားရုံးက ရုံးချိန်းစခေါ်၍ စစ်သား ၃ဦး က လုံးဆမ် ကိုပစ်ခတ်ကြောင်း ဝန်ခံခဲ့သော်လည်း ရွာသားများ က စတင်ပစ်ခတ်သဖြင့် ပြန်လည် တိုက်ခိုက်သည် ဟု ထွက်ဆိုခဲ့ကြောင်းလည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ယမန်နေ့ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က ရွှေတူးဖော်မှုလုပ်ငန်းကို တပိုင်တနိုင်လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနစ်မှစတင်၍ ကုမ္ပဏီကြီးများဝင်ရောက်လာပြီး စက်ကြီးများဖြင့် တူးဖော်လုပ်ကိုင် လာကြကြောင်းလည်း သိရသည်။