ယခုနှစ် တွေ့ကြုံရမည့် အယ်နီညို ဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ နယ်နမိတ်အတွင်း ရေရရှိမှု အခက်အခဲ မရှိနိုင်စေရန် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းရေးဌာန)မှ ဒုတိယ ဌာနမှူး ဦးမျိုးသိန်းက ဧရာဝတီသို့ ပြောသည်။
ဦးမျိုးသိန်းက“ရေလှောင်ကန်တွေရဲ့ ရေလှောင်နိုင်မှု ပမာဏနဲ့ ယှဉ်ပြီး တနွေလုံး ပေးနိုင်/ မပေးနိုင်တာကို တွက်ရင် လက်ရှိ အနေ အထားအရ ဒီနှစ်အတွက် ပူမယ်ဆိုသော်လည်း ရေလှောင်ကန်ကြီးတွေက ရေလှောင်ထားနိုင်တဲ့ ပမာဏက ယခင်နှစ်တွေထက် ပိုလှောင်နိုင်တဲ့အတွက် ရန်ကုန်ဧရိယာအတွက် ရေအခက်အခဲ မရှိနိုင်ဘူး”ဟု ပြောသည်။
အယ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်း စသည့် ရာသီဥတု အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ရန်ကုန်မြို့၏ တဖက်ကမ်း ရေရှားပါးမှု ကြုံတွေ့နိုင်သည့် နေရာများကိုလည်း ရေပေးဝေနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
“ရန်ကုန် တဖက်ကမ်း မြို့နယ်တွေဖြစ်တဲ့ ဒလ၊ ဆိတ်ကြီးခနောင်တိုနဲ့ ကြည့်မြင်တိုင် အပါအဝင် မြို့နယ် ၁၁ မြို့နယ် ရှိတယ်။ မူလ က တော့ ကန်ရေ ပေးခဲ့တယ်။ အခုက ဒလမှာလည်း ပိုက်လိုင်းစနစ်နဲ့ ရေရနေတယ်။ ဆိတ်ကြီး ခနောင်တိုမှာလည်း တကယ် လိုအပ်တဲ့ အချိန်မှာ ရေပိုက်လိုင်းစနစ်နဲ့ ဝေပေးဖို့ ရှိတယ်”ဟု ဦးမျိုးသိန်းက ရှင်းပြသည်။
ရန်ကုန်မြို့ တဖက်ကမ်း ဒလမြို့နယ်အတွင်း ရေရရှိမှု အခြေအနေသည် လက်ရှိအချိန်၌ ဒေသခံများအနေဖြင့် ပိုက်လိုင်းမှ ပေးဝေသည့် ရေရရှိနေသော်လည်း ပုံမှန် မရရှိခြင်းကြောင့် ကန်ရေကိုသာ အားထားနေရဆဲ ဖြစ်သည်ဟု ဒလမြို့ခံများက ပြောသည်။
ရန်ကုန်မြို့ ဧရိယာကို ရေပေးဝေရာတွင် လှော်ကား ရေလှောင်ကန်၊ ငမိုးရိပ် ရေလှောင်ကန်၊ ဂျိုးဖြူ ရေလှောင်ကန်နှင့် YCDC ရေနှင့် သန့်ရှင်းရေး ဌာနအောက်ရှိ အဝီစီ တွင်းပေါင်း ၄၂၀ မှ ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး တနေ့လျှင် ပျမ်းမျှ ရေဂါလံ ၂၀၅ သန်း ရှိကြောင်း သိရ သည်။
လက်ရှိအချိန်တွင် ရေလှောင်ထားနိုင်မှု အခြေအနေသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက လှော်ကား ရေလှောင်ကန်တွင် ရေအမြင့် ၅၈ ပေ ၁ လက်မ ရှိခဲ့ရာမှ ယခုနှစ်တွင် ၅၈ ပေ နှင့် ၁၁ ဒသမ ၇၅ လက်မ၊ ဂျိုးဖြူရေ လှောင်ကန်တွင် ရေအမြင့် ၂၀၄ ပေနှင့် ၁၀ ဒသမ ၅ လက်မ ရှိခဲ့ရာမှ ယခုနှစ်တွင် ၂၁၁ ပေနှင့် ၁ ဒသမ ၅ လက်မ၊ ငမိုးရိပ်တွင် ၉၅ ပေနှင့် ၇ လက်မ ရှိခဲ့ရာမှ ၉၅ ပေ နဲ့ ၆ လက်မ သိုလှောင် ထားရှိကြောင်း သိရသည်။
ထို့ပြင် ရေရရှိရန် ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံမြို့နယ်များအတွက် ဒဂုံအရှေ့ပိုင်းတွင် စီမံကိန်းဖြင့် လုပ်ဆောင်နေပြီး သီလဝါသို့လည်း ရေပေးနိင်ရန် တိုးချဲ့ လုပ်ဆောင်မှုများရှိကြောင်း သိရသည်။
“ဒီစီမံကိန်းကို စည်ပင်က လုပ်နေတဲ့အပိုင်း ရှိတယ်။ ဂျပန်ရဲ့ ချေးငွေနဲ့ လုပ်တဲ့အပိုင် းရှိတယ်။ စည်ပင်က ရေသန့်စင် စက်ရုံ ဆောက် တာ။ ဂျပန်ချေးငွေနဲ့က ပိုက်လိုင်းဆက်တဲ့အပိုင်း၊ အခုက စည်ပင်အပိုင်းက ၉၀ ရာခိုင်နှုန်း ပြီးနေပြီ။ တကယ်တမ်း ပေးဝေမှာက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ဒီမြို့နယ်တွေကို ပြည့်ပြည့်၀၀ ရေပေးနိုင်တော့မယ်”ဟု ဦးမျိုးသိန်းကပြောသည်။
ယခုနှစ်တွင် ကန်များတွင်သိုလှောင်ထားသည့် ရေပမာဏ ယခင်နှစ်ထက် ပိုရရှိထားခြင်းကြောင့် မကြာခင်ကာလတွင် ရောက်ရှိမည့် သင်္ကြန်ကာလ ရေသုံးစွဲမှုအတွက်မှာလည်း လျှော့ချသွားရန် အစီအစဉ် မရှိကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်ကာလတွင် ရန်ကုန်မြို့တွင် အသုံးပြုခဲ့သောရေ ပမာဏသည် ဂါလံသန်းပေါင်း ၁၄၅ သန်း ရှိခဲ့သည်။