ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့် တပ်မတော်(AA)နှင့် ဆက်သွယ်သည်ဟုစွပ်စွဲ၍ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီး ခံထားရသူများထဲမှ ၄ ဦးကို မတ်လ ၃ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) မှ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
ထောင်ဒဏ် ချမှတ်ခံရသူများမှာ ဖမ်းဆီးခံရသည့် လူ ၃၀ ခန့်ထဲမှ သိန်းစိုး(ခ)ကျော်လှ၊ ခိုင်မျိုးမင်း (ခ) အောင်ထွန်းမြ၊ အုန်းခင်(ခေါ်) အုန်းတင် နှင့် စိုးမင်းထွန်းတို့ ဖြစ်သည်ဟုလည်း ဆိုသည်။
၎င်းတို့ကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၈ လ ကျော်ကြာ စစ်ဆေးပြီးနောက် ပစ်ဒဏ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ANP ပါတီမှ ဦးခိုင်ပြည်စိုးက“မနေ့ကတော့ ၄ ယောက်ကို အမိန့်ချတယ်။ စစ်တွေ တရားရုံးမှာ တခြား ၁၇(၁)နဲ့ ဖမ်းထားတဲ့သူတွေကို ဆက်ပြီး ရုံးထုတ်စစ်ဆေးနေတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
အစိုးရ တပ်မတော်နှင့် AA တို့ကြား ၂၀၁၅ ခုနှစ် မတ်လမှ စတင်၍ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ဘူးသီးတောင်၊ တောင်ကုတ်၊ ကျောက်တော်၊ ကျောက်ဖြူ နှင့် ရမ်းဗြဲ မြို့နယ် များမှ လူ ၃၀ ခန့် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် ဖမ်းဆီး စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။
AA တပ်ဖွဲ့မှ ဒု ဗိုလ်မှူးကြီး အဆင့်ရှိသူ ကိုအောင်မြတ်ကျော်နှင့် အဖွဲ့ဝင်တချို့ထံမှလည်း ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တို့တွင် လက်နက်မျိုးစုံးနှင့် မူးယစ်ဆေးဝါးများကို ကွင်းဆက်အနေဖြင့် ဖမ်းဆီးဖော် ထုတ်နိုင်ခဲ့ကြောင်းလည်း ယခုနှစ် ဖေဖော်ဝါရီ လ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အစိုးရက ကြေညာဖော်ပြခဲ့သည်။
လက်ရှိ မတရားအသင်း ဆက်သွယ်မှု ဥပဒေများဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသူများနှင့် ပတ်သက်၍ တချို့သည် မိမိတို့နှင့် ပတ် သက် သူများဖြစ်သော်လည်း တခြားသူများသည် စွပ်စွဲဖမ်းဆီခံနေရခြင်းသာ ဖြစ်ကြောင်း AA တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဧရာဝတီသို့ ပြောကြားထားသည်။
လက်ရှိတွင်လည်း အစိုးရ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိနေပြီး မတ်လ ၃ ရက်နေ့ ညနေပိုင်း ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နယ်စပ်မိုင်တိုင် ၆၃/၆၄ အနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့သေးကြောင်း AA က သတင်း ထုတ်ပြန် ထားသည်။