နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေး အခမ်းအနားပြုလုပ်မည့် နေရာနှင့် အစီအစဉ်ကို အစိုးရနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီတို့ကြား နှစ်ဖက် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ဟုသမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“ကျနော်တို့ဘက်က ကာယကံရှင်နဲ့ တရားဝင် မတွေ့ရသေးဘူး။ အကြမ်းဖျင်း ပြောလို့ရတာကတော့ ကျနော်တို့ဘက်က အဆိုပြုချက်တခု တင်ထားတယ်။ သူတို့ဘက်ကလည်း တခုပြန် တင်ထားတယ်။ အကြံပြု တယ်လို့ ပြောရမှာပေါ့။ ဒါတွေကို လာမယ့် အစည်းအဝေးမှာ သူ့ဘက်ကိုယ့်ဘက် လုပ်ချင်တာတွေကို ဆွေးနွေးမယ်”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရအနေဖြင့် ၎င်းတို့ လုပ်ဆောင်လိုသည့် အချက်အလက်များကို အချိန်တန်လျှင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ လတ်တ လောတွင် အစိုးရဘက်မှ တင်ပြထားသည့် အချက်အလက်များကို ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်းလည်း သူက ဆိုသည်။
လက်ရှိတွင် သမ္မတဦးသိန်းစိန် အနေဖြင့် တာဝန်လွှဲပြောင်းရေး အခမ်းအနားကို လွှတ်တော်တွင် ပြုလုပ်မည်ဆိုပါက ယင်းအခမ်းအနား သို့ တက်ရောက်မည် မဟုတ်ဘဲ ညစာစားပွဲကိုသာ တက်ရောက်မည်ဟုလည်း NLD သတင်းရင်းမြစ်များကို ကိုးကား၍ မီဒီယာများက ဖော်ပြလျက် ရှိသည်။
NLD ကမူ အာဏာလွှဲပြောင်းရေးကိစ္စကို လွှတ်တော်တွင်သာ ပြုလုပ်ရန်ဆန္ဒရှိကြောင်း ယင်း ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်း ရေးမှူး ဦးဝင်းထိန်က မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခဲ့သည်။
နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းနိုင်ရန် နှစ်ဖက်စလုံးက အစည်းအဝေး ၃ ကြိမ် ပြုလုပ်ထားပြီး ၄ ကြိမ်မြောက် ညှိနှိုင်း အစည်း အဝေးကို ယခု မတ်လဆန်းအတွင်း နှစ်ဖက် ညှိနှိုင်း တွေ့ဆုံရန် သဘောတူညီထားသည်ဟု အစိုးရဘက်က ထုတ်ဖော် ပြောဆိုထား သည်။