ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်တစားနဲ့ အမြဲတက်ကြွစွာ ပါဝင်တတ်တဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေက အခုလည်း စစ်ဘေးသင့် ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ် စစ်ဘေးရှောင်စခန်းတွေကို မတ်လကုန်မှာ ဒုတိယအကြိမ် အဖြစ် ထပ်မံသွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တခေါက်က ဒီဇင်ဘာလ အတွင်းက သွားရောက်ခဲ့တာ ဖြစ်ပြီး ထပ်မံပြီး သွားရောက်ဖြစ်တာနဲ့ ပတ်သတ်လို့ ချစ်သုဝေက “အဲဒီနေရာကို ထရေဇာသွားဖို့ အချိန်အနည်းဆုံး လေးရက် ပေးရပါတယ်။ အခုလည်း ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ် ဟိုင်ပါကျေးရွာမှာ အလှူရှင်တွေရဲ့ ၊ အားလုံးရဲ့ အလှူငွေတွေနဲ့ ဆေးခန်းလေး ဆောက်ထားကြတယ်။ နောက်ထပ်လည်း ဘာလေးတွေ လိုအပ်ဦးမလဲပေါ့” လို့ ပြောပါတယ်။
ချစ်သူဝေက ဆက်လက်ပြီး “ရှမ်းမြောက် နမ့်ဆန် ဘက်ကိုလည်း ထရေဇာသွားဖို့ ရှိပါတယ်။ အခုရက်ပိုင်းက ထရေဇာက အလုပ်အားတဲ့ အချိန်က တရက်စ လေးတွေပဲ အားနေရတဲ့အတွက် မသွားဖြစ်သေးတာပါ ဒါကြောင့် လေးရက်ဆက်တိုက် အားမယ့် အချိန်ကို စောင့်ရင်း အခုနည်းနည်းတောင် ကြာသွားတယ်။ အခုမတ်လကုန်မှာ ဟိုင်ပါဘက်က စစ်ရှောင်စခန်းလေးကို ထပ်ပြီးသွားဦးမှာပါ။ ဆေးခန်းလေးကလည်း ကိုယ်တိုင် မဆောက်ပေး နိုင်ပေမယ့် အလှှူရှင်တွေဆီက ကောက်ခံပေးပြီး ဆောက်ပေးခွင့်ရလို့ အရမ်းလည်း ဝမ်းသာပါတယ်။ စစ်ရှောင်စခန်းကို ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း မပူရတော့ဘူးပေါ့” လို့ ဧရာဝတီကို ပြောပြပါတယ်။
ပထမအကြိမ် သွားရောက်ခဲ့တုန်းက စခန်းမှာရှိတဲ့ ကလေးငယ်များအတွက် ချစ်သုဝေက ကိုယ်ပိုင်အရုပ်များကို အကုန်လုံး လှူဒါန်းပေးခဲ့ပြီး ဒီတခေါက်မှာတော့ သူတို့လိုအပ်တဲ့ အရာတွေကို အဓိက ထားပြီး ယူဆောင် သွားမယ်လို့လည်း သိရပါတယ်။
ပရဟိတလုပ်တယ်ဆိုတဲ့ အပေါ်ကိုလည်း ချစ်သုဝေက ဆက်ပြီး “ပရဟိတကို ထရေဇာ လုပ်တယ်ဆိုတာ ဘယ်လိုကြောင့်၊ ဘာကြောင့် မဟုတ်ပါဘူး ထရီဇာ လက်ကိုင်ထားတာက We Love, We Care, We Share ပေါ့နော်။ တယောက်နဲ့တယောက် ချစ်ကြမယ်၊ ဂရုစိုက်ကြမယ်၊ တယောက်နဲ့ တယောက် Sharing လုပ်ကြမယ်ဆိုတဲ့ Concepts လေးနဲ့ ထရေဇာတို့ သွားနေတာပါ” လို့ ပြောပါတယ်။
ပရဟိတ လုပ်ငန်းနဲ့ ပတ်သက်လို့လည်း ချစ်သုဝေက “ပရဟိတကိုလည်း ဒီသဘောလေးပဲ၊ လိုအပ်နေတာက စိတ်ဓာတ် ခွန်အား လိုအပ်နေတယ်ဆိုရင် စိတ်ဓာတ်ခွန်အား ပေးလိုက်တယ်။ ငွေကြေး လိုအပ်နေတဲ့ သူတွေဆိုရင် ထရေဇာ တတ်နိုင်တဲ့ ပဏာမကို လှူဒါန်းလိုက်တယ်။ အနုပညာအား လိုအပ်နေတဲ့ နေရာဆိုရင် အနုပညာအားကို လှူဒါန်းတယ်။ အဲဒီအတွက် အခက်အခဲတွေတော့ မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူက စိတ်ပါဝင်စားပြီး စိတ်အား ထက်သန်နေတော့ ထရေဇာ လုပ်ချင်ရင် လုပ်လိုက်တာပဲ။ အဓိက လုပ်ချင်စိတ်ရှိဖို့နဲ့ ကိုယ်လုပ်လိုက်တဲ့ အရာလေးတွေရဲ့ ကွက်လပ်လေးတွေက ပြည့်သွားဖို့ပါပဲ” လို့လည်း ဧရာဝတီကို ပြောပြခဲ့ပါတယ်။
ဂီတနဲ့ ပတ်သက်ပြီးတော့လည်း တကိုယ်တော် တေးစီးရီးကို စက်တင်ဘာလလောက်မှာ ထွက်ဖို့ရှိကြောင်းလည်း သိရပါတယ်။ ဒီတေးစီးရီးမှာ ချစ်သုဝေရဲ့ ခင်ပွန်းဖြစ်သူ တေးရေး၊ တေးဆို လင်းလင်းက ၆ ပုဒ် ရေးထားပေးထားကြောင်းလည်း သိရပါတယ်။