ပြည်တွင်းငြိမ်းချမ်းရေး မရှိသေးသရွေ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ခက်ခဲနေသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က မနေ့က ပြုလုပ်သည့် ရန်ကုန်မြို့ SNLD ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု သွားဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံ မပြုပြင်ဘဲနဲ့ ဆက်လုပ်သွားလို့ မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည် ဆောက်ရမယ်”ဟု ဦးစိုင်းလိတ်က မီဒီယာများကို ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း ကြားသော်လည်းကောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များကြားသော်လည်းကောင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို ငြိမ်းချမ်းရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားရမညဟုလည်း ဦးစိုင်းလိတ်က ဆိုသည်။
“တိုက်ပွဲကတော့ မဖြစ်တာ အကောင်းဆုံးပါပဲ။ ကျနော်တို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကော်မတီ RCSS အနေနဲ့ လည်း ပလောင်(တအာင်း)လွတ်မြောက်ရေး တပ်မတော် TNLA ကို တိုက်ဖို့ အစီအစဉ်နဲ့ ကျနော်တို့ နမ့်ခမ်း မြို့နယ်ကို ပြန်တာ မဟုတ်ဘူး။ တိုက်ပွဲတွေ ရပ်တန့်ဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။ ရပ်တန့်အောင်လည်း ကြိုးစားသွားနေပါတယ်” ဟု RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလက အထက်ပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
တိုက်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည် ပူးပေါင်း ဆောင် ရွက်ရေး ကော်မတီ(SSJAC) ပံ့ပိုးမှု ဖျန်ဖြေပေးမှုဖြင့် ပြုလုပ်ပေးနေကြောင်း၊ RCSS အနေဖြင့် TNLA ကို တိုက်ရိုက် တွေ့ဆုံပြီး တိုက်ပွဲကိစ္စကို ဖြေရှင်းရန် ကြိုးစားနေကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
“ဘယ်တော့ တွေ့ဆုံမှာလဲ ဆိုတာကတော့ TNLA အပေါ် မူတည်ပါတယ်။ ကျနော်တို့ ကြားနေအဖွဲ့အစည်းကနေ ပြောထား ပါတယ်။ ကျနော်တို့အနေနဲ့ တွေ့ဖို့ကတော့ အဆင်သင့်ဖြစ်ပါပြီ”ဟု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။
RCSS နှင့် TNLA ကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို ဆန့်ကျင်ကြောင်း၊ ပြည်တွင်းစစ်ကို လုံးဝ ချုပ်ငြိမ်း စေချင်ပြီး ပြည်တွင်းစစ် ရှိနေသရွေ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရန် ခြေလှမ်းနိုင်မည် မဟုတ်ဟု SNLD မှ ဦးစိုင်းလိတ်က ဆိုသည်။
“TNLA က NCA မှာလည်း လက်မှတ် မထိုးဘူး။ အစိုးရကလည်း လက်ခံထားခြင်း မရှိသေးတဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့ သ့ူကို ကမ်းလှမ်းချင်တဲ့ ဆန္ဒရှိရင်တောင်မှ လုပ်ဖို့ မဖြစ်သေးဘူး”ဟု ဦးစိုင်းလိတ်က ပြောသည်။
ရှမ်းတိုင်းရင်းသားများ ခေါင်းဆောင်သည့် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ(CSSU)ညီလာခံကို ရန်ကုန်မြို့တွင် ၃ရက်တိုင် ကျင်းပမည်ဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင်က ခွင့်မပြုသဖြင့် ၂ ရက်သာ ကျင်းပနိုင်ခဲ့သည်။
ယခုနှစ် CSSU ၏ ဥက္ကဌသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဌ ဦးခွန်ထွန်းဦး ဖြစ်သည်။
CSSU ညီလာခံတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ အားလုံး သဟဇာတရှိရှိ ငြိမ်းချမ်းစာ အတူယှဉ်တွဲ နေထိုင် နိုင်ရေးအတွက် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံ ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကော်မတီ အဖွဲ့ဝင် ၈ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့ (SSPP/SSA)၊ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွ့ဲချုပ်( SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ( ESSDDP)၊ ရှမ်းလူငယ် ကွန်ရက်နှင့် ရှမ်းရှေ့နေကွန်ရက် စသည့် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
CSSU သည် ၂၀၁၃ ခုနစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။