ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာ့တပ်မတော်တို့ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင် ကျေးရွာတွင် နေရာချထားခြင်းခံရသော စစ်ဘေးရှောင် ဒုက္ခသည် ၁၄၀ ကျော်သည် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များကို ဒေသခံအာဏာပိုင်များက ကျေးရွာနှင့် ၁ မိုင်ကျော်ဝေးပြီး ရေတွင်း ၊ရေကန် မရှိ သော မြေလွှတ်နေရာ တခု တွင် နေရာချထားပေးခဲ့ရာ ဒုက္ခသည်များ အနေဖြင့် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်အရေး အားကူညီဆောင်ရွက်ပေးနေသူ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက ပြောသည်။
“ သူတို့ကို ရွာမှာ နေရာချပေးထားတာက လယ်ကွင်းမှာ ဖြစ်နေတယ်။ ရွာနဲ့လည်း ဝေးပါတယ်။ ရွာကိုသွားပြီး ရေထမ်း နေရတယ်။ ရေ တထမ်း ရဖို့ ဆိုတာ မလွယ်ဘူး ။ နောက်လလောက်ဆို ရွာထဲက ရေကန်လည်း ရေ ခန်း တော့မယ်လေ ” ဟု ဦးဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။
စစ်ရှောင်ဒုက္ခသည်များ ရင်ဆိုင်နေရသည့် သောက်ဆုံးရေ ရှားပါးမှုပြသနာသည် နွေရာသီ ရောက်လာ သည်နှင့်အမျှ ပိုမိုဆိုးဝါးလာနိုင်ကြောင်း ၊ ယင်းကြောင့် သောက်သုံးရေ ရရှိနိုင်သည့် အဝီစီ ရေတွင်း များကို လျှင်မြန်စွာ ပြုလုပ်ပေးသင့်ကြောင့် စစ်ရှောင်များအတွက် ကူညီဆောင်ရွက်ပေးနေသူ
ကျောက်တော်ဒေသခံ ဦး ဇော်ဝင်းက ဆက်လက်ပြောကြားသည်။
ယင်းစစ်ဘေးရှောင် ဒုက္ခသည်များသည် ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့် ကျောက်တော်မြို့နယ်အတွင်း ရမ်းချောင်းတောင်းတန်းပေါ်တွင် မှီတင်းနေထိုင်သော ကျေးရွာ များ မှ နေရပ်စွန့် ခွာ ရောက်ရှိလာသော ဒေသခံ ကျေးရွာသားများ ဖြစ်ကြောင်း၊ အဆိုပါစစ်ရှောင်ဒုက္ခသည် များကို ဒေသ အာဏာပိုင်များက နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်သည့် အခြေအနေသို့ မရောက်ရှိ သည့်အတွက် နေရပ်သို့ မပြန်စေဘဲ မြေလွတ်မြေရိုင်းများတွင် ယာယီနေရာချထား ပေးခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် ၃၀၀ ကျော်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး ထွန်းသာစိန်က “ ကျနော်တို့ ကူညီပေးနေတဲ့ အထဲမှာ အဲဒီရွာမပြင်ရွာကို ရောက်နေတဲ့ သူတွေ သောက်ရေ ၊ သုံးရေ အခက်အခဲ ဖြစ်နေရ တယ်။ ကျန်တဲ့ ရွာက လူတွေကတော့ ရွာနဲ့ နီးတော့ အဆင်ပြေတယ်။ နွေရာသီ မရောက်ခင် အဝီစီတွင်းတွေ အမြန်ဆုံး တူူးပေးသင့်တယ်လို့ ထင်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ပြီးခဲ့သော ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ရက္ခိုင့်တပ်မတော် ( AA ) နှင့်မြန်မာတပ်မတော်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် နေရပ် စွန့် ခွာ ခဲ့ရပြီး လက်ရှိအချိန်တွင်လည်း မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘူးသီတောင်မြို့နယ်တွင် မြန်မာ့ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။