ထိုင်းနိုင်ငံမှ တူနာငါးလုပ်ငန်း စက်ရုံတခုက အလုပ်သမား အခွင့်အရေးချိုးဖောက်မှုအတွက် ဝန်ထမ်းများကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်း ပေးအပ်ရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ဖေဖော်ဝါရီလ ၂ ရက် နေ့တွင်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ နာမည်ပျက်နေသည့် ပင်လယ်စာလုပ်ငန်း ကဏ္ဍရှိ ရွှေ့ပြောင်းလုပ်သားများ အတွက် ရှားရှားပါးပါး အောင်မြင်မှုတခု ဖြစ်ပါသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်ရှိ ကမ္ဘာတလွှားသို့ ငါးများရောင်းချပေးနေသော စည်သွပ်စက်ရုံ တခုဖြစ်သည့် Golden Prize Tuna Canning မှ ရာနှင့်ချီသော မြန်မာလုပ်သားများသည် ဆိုးရွားသော လုပ်ငန်းခွင် အခြေအနေများကြောင့် ၎င်းတို့ နစ်နာဆုံးရှုံးခဲ့ရမှုများအတွက် လျော်ကြေးရရှိနိုင်ရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ပင်လယ်စာ တင်ပို့မှု တတိယ အများဆုံးနိုင်ငံ ဖြစ်သော်လည်း အဆိုပါ လုပ်ငန်း ကဏ္ဍသည် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့် အိမ်နီးချင်း မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ လူကုန်ကူးမှုများကြောင့် နာမည်ပျက်နေရသည်။
ထို့ကြောင့် ပြီးခဲ့သည့် နှစ်အတွင်း နိုင်ငံခြားအစိုးရများက အဆိုပါ ကဏ္ဍကို ဂရုတစိုက် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြပြီး ဥရောပ သမဂ္ဂ (EU) ကလည်း ထိုင်းနိုင်ငံ၏ ရေထွက်ကုန်များကို တားမြစ် ပိတ်ပင်ရန် သင့်မသင့် စဉ်းစားနေသည်။
အမေရိကန်နိုင်ငံကလည်း အဓမ္မခိုင်းစေပြီး ထုတ်လုပ်သော တရားမဝင်ကုန်ပစ္စည်းများနှင့် ပတ်သက်သော ဥပဒေများမှ ဟာကွက်များကို ပိတ်ဆို့ပေးမည့် ဥပဒေကြမ်းတခုကို မကြာသေးမီက အတည်ပြုပေးခဲ့သည်။ သွင်းကုန် ပိတ်ပင်ခြင်းများက ထိုင်းနိုင်ငံကို ဦးတည်သည့် အသွင်ဖြစ်သည်။
Golden Prize မှ အလုပ်သမားများသည် လုပ်ခလစာနည်းပါးခြင်း၊ ကြီးကြပ်သူများက အနိုင်အထက်ပြုခြင်းနှင့် စက်ယန္တယားများကြောင့် မတော်ထဆ ထိခိုက်မှုများရှိလျှင်လည်း လျော်ကြေးငွေမရရှိခြင်း အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် အပတ်အတွင်းက အလုပ်သမား ၁၀၀၀ ကျော်က သပိတ်မှောက်ခဲ့ပြီးနောက် ကုမ္ပဏီ ကိုယ်စားလှယ်များက ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စစ်ဘက်အရာရှိများ၊ အစိုးရတာဝန်ရှိသူများ၊ ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်များ နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်တခု ရရှိခဲ့ခြင်း ဖြစ်သည်။
“ကုမ္ပဏီက ပြီးခဲ့တဲ့ ညက စပြီးတော့ အလုပ်သမား ၁၁၀၀ အတွက် ဘတ်ငွေ ၄၈သန်း (အမေရိကန်ဒေါ်လာ ၁ဒဿမ ၃ သန်း) ကို ထုတ်ပေးနေပါပြီ” ဟု ခရိုင်အလုပ်သမား အရာရှိ Boonlue Sartpetch က ဗြိတိသျှသတင်းစာ The Guardian သို့ ပြောသည်။ အလုပ်သမား ၇၀၀ ကို ထုတ်ပေးပြီး ဖြစ်၍ ကျန်အလုပ်သမားများကို မတ်လ ၁ ရက်နေ့တွင် ဆက်လက် ရရှိကြမည်ဟု မျှော်လင့် ရသည်။
Golden Prize Tuna Canning မှ အလုပ်သမား အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။
၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သော ထိုင်းနိုင်ငံ စစ်အစိုးရသည် ကျဆင်းနေသော ထိုင်းနိုင်ငံ စီးပွားရေးကို ပြန်လည် မြှင့်တင်နိုင်ရန် ရုန်းကန်နေရပြီး ဒေါ်လာ ဘီလီယံနှင့် ချီ၍ တန်ကြေးရှိသည့် ပင်လယ်စာလုပ်ငန်း ကဏ္ဍ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်လာမည်ကို ရှောင်ရှားနိုင်ရန်လည်း ကြိုစားနေသည်။
အမေရိကန် နိုင်ငံတွင်လည်း ဖက်ဒရယ်အရာရှိများက ၈၆ နှစ် သက်တမ်းရှိပြီ ဖြစ်သော ပိတ်ပင်တားမြစ် မှုတခု ဖြစ်သည့် ကလေးအလုပ်သမားများ၊ ကျွန်လုပ်သားများဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တင်သွင်းခြင်းမှ တားမြစ်ခြင်းအား ပြီးခဲ့သည့် အပတ်က အမေရိကန် သမ္မတ လက်မှတ်ထိုး အတည်ပြုပေးခဲ့သော ဥပဒေသစ်နှင့် အညီ အကောင်အထည် ဖော်ရန် ပြင်ဆင်နေသည်။
၁၉၃၀ ခုနှစ် ကုန်သွယ်ခွန်ဥပဒေ တွင် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး တာဝန်ရှိသူများကို အဓမ္မခိုင်းစေမှုနှင့် ဆက် နွယ်နေသည်ဟု သံသယရှိသော ကုန်ပစ္စည်းများကို သိမ်းယူရန်နှင့် တင်သွင်းခွင့်ကို ပိတ်ပင်နိုင်ရန် အခွင့် အာဏာပေးထား သည်။ ဥပဒေကို နောက်ဆုံး အသုံးချသည့် အချိန်မှာ ၂၀၀၀ ခုနှစ်က ဖြစ်ပြီး ယခုအချိန်အထိ ၃၉ ကြိမ်သာ အသုံးချခဲ့သေး သည်။ အဓိက အားဖြင့် စားသုံးသူတို့၏ လိုအပ်ချက်ကြောင့် ဖြစ်သည်။ အကယ်၍ ပြည်တွင်းဝယ်လိုအားနှင့် ကိုက်ညီအောင် ထုတ်လုပ်ပေးနိုင်ခြင်းမရှိလျှင် မည်သို့ ထုတ်လုပ်ခဲ့သည်ဖြစ်စေ သွင်းကုန်များကို ခွင့်ပြုခဲ့သည်။
သမ္မတ အိုဘားမားက အဆိုပါ ချွင်းချက်များကို ဖယ်ရှားထားသော ပိုမိုခိုင်မာသည့် ဆောင်ရွက်မှုများကို ခွင့် ပြုထားသည့် The Trade Facilitation and Trade Enforcement Act ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
ထိုင်းအာဏာပိုင်များက ၎င်းတို့ အနေဖြင့် ဥပဒေအသစ်များ နှင့် လူကုန်ကူးမှုများကို တိုက်ဖျက်ခြင်းများဖြင့် ရေ ထွက် ကုန် လုပ်ငန်း ကဏ္ဍကို သန့်ရှင်းအောင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကဏ္ဍနှင့် ဆက်သွယ်နေသည့် လူကုန်ကူး သူ ၁၀၀ ကျော်ကို ဖမ်းဆီး အရေးယူခဲ့သည်ဟု ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကပြောသည်။
ရေထွက်ကုန် လုပ်ငန်းမှ တရားဝင် စာရွက်စာတမ်းမရှိသည့် နိုင်ငံခြားသား အလုပ်သမား ၂၀၀၀၀၀ ခန့်၏ တဝက်နီးပါး ကို လည်း အာဏာပိုင်များက မှတ်ပုံတင် စာရင်းသွင်းပေးခဲ့သည်ဟု ထိုင်းတာဝန်ရှိသူျအားကပြောသည်။
Golden Prize မှ မြန်မာအလုပ်သမားများကို ကူညီပေးနေသည့် ဗြိတိန်နိုင်ငံသား အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သော Andy Hall က တန်ဘိုးကြီးမားသည့် ကုန်သွယ်ရေး ပိတ်ပင်တားမြစ်မှုက အလားအလာက ထိုင်းအစိုးရ အပေါ် ဖိအားဖြစ်စေခဲ့သည်ဟု ယူဆကြောင်းပြောငည်။
“ငွေကြေး အများအပြားပါဝင်နေတဲ့ ဒီလို အညင်းပွားမှုမျိုးကို အခုလိုဖြေရှင်းပေးတာမျိုးက တကယ်တော့ လုံး၀ အစဉ် အလာ မရှိခဲ့တာမျိုးပါ” ဟု သူကပြောသည်။ သို့သော်လည်း ကုမ္ပဏီနှင့် ထိုင်းအလုပ်သမားဌာနတို့က အလုပ်သမားတို့၏ တောင်းဆိုမှုကို ၁ နှစ်နီးပါး ရှောင်တိမ်းနေခဲ့သည့် အတွက် Andy Hall က အပြစ်တင်ခဲ့သည်။
ယခင်ကဆိုလျှင် ထိုင်းစက်ရုံများက အလုပ်သမား အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များရှိခဲ့လျှင် အသရေ ဖျက်မှုနှင့် တ ရားစွဲဆိုခြင်းဖြင့် ပြန်လည်တုန့်ပြန်တတ်တကြသည်။ Andy Hall ကိုယ်တိုင်လည်း ထိုင်းသစ်သီးစက်ရုံတခုမှ အလုပ်သမား များ ခေါင်းပုံဖြတ်ခံရသည်ကို ကူညီဆောင်ရွက်ပေးသည့်အတွင် တရားစွဲဆိုခြင်း ခံခဲ့ရသည်။
( The Guardian မှ Myanmar migrant workers win $1.3m from Thai tuna firm ကို ဆီလျော်အောင် ဘာသာပြန်သည်)