Ethnic Issues

ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း အသုံးပြုမှု ပိုများလာဟု ဆို

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း၌ တိုက်ပွဲများ ပြန်လည်၍ ဖြစ် ပွားသည့် နောက်ပိုင်း မြေမြှုပ်မိုင်း အသုံးပြုမှု ပိုများလာကြောင်း ငြိမ်းချမ်းရေး ဆိုင်ရာ အဖွဲ့အစည်း တဖွဲ့က ပြောဆို လိုက်သည်။

မည်သည့် အဖွဲ့အစည်းက အများဆုံး အသုံးပြုနေသည်ကို တရားဝင် စာရင်းဇယား ထုတ်ပြန်မှု မရှိသေးသော်လည်း အစိုးရ တပ် မတော် နှင့် KIA ၂ ဘက်စလုံးက မြေမြှုပ်မိုင်း ပိုသုံးလာသည်ကို တွေ့ရကြောင်း ငြိမ်းချမ်း မြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေး ရှင်း မှ ဥက္ကဋ္ဌ ဦးသန့်ဇင် က ပြောကြားသည်။

ယနေ့ ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သည့် “မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ သဘောတူစာချုပ် (၁၉၉၇)” အကောင်အထည် ဖော် ဆောင်ခြင်း ၁၇ နှစ်ပြည့် အထိမ်းအမှတ် သတင်းစာ ရှင်းလင်းပွဲတွင် ဦးသန့်ဇင် က ပြောကြားခြင်း ဖြစ်သည်။

“မိုင်းကတော့ ဟိုဘက်ဒီဘက် တိုက်တဲ့ သူတွေ အားလုံးသုံးတယ်။ သုံးနေတဲ့အထဲမှာ ကချင်ဒေသကတော့ လတ်တလော အများဆုံးပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရော စစ်တပ်ဘက်ကရော သုံးပါတယ်”ဟု ဦးသန့်ဇင်က ပြောသည်။

မြေမြှုပ်မိုင်းအသုံးပြု မှု ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုမရှိသေးကြောင်း၊ ထိုအဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရန်အတွက် မြန်မာငြိမ်းချမ်းရေး စင်တာဘက်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း လည်း ၎င်းက ဆက်ပြောသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေးကို ဂျပန်နိုင်ငံမှ Mine Action Service အဖွဲ့ နှင့်ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း အဖွဲ့ တို့နှင့် MOU သဘောတူ လက်မှတ် ရေးထိုးထားသော်လည်း မိုင်းရှင်းလင်းမှုရရှိရန် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဌာနတို့၏ ခွင့်ပြုချက် မရသေးသဖြင့် လုပ်ငန်း မစနိုင်သေးကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးကို လုပ်ပြီးမှသာလျှင် မြေမြှုပ် မိုင်း ရှင်းလင်းနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

“မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ သဘောတူ စာချုပ်” ကို မြန်မာနိုင်ငံသည် လက်ရှိအချိန်အထိ လက်မှတ် မထိုးသေးကြောင်း၊ နိုင်ငံတကာ စာရင်းဇယားအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု တတိယ အဆင့်ရှိကြောင်း သိရသည်။

မိုင်းသတိရှိရန် မိုင်းအန္တရာယ် ကာကွယ်တားဆီးရန် အတွက် ပညာပေးမှုများ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်း ဒေသကြီးတွင် အာဏာပိုင် အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိသကဲ့သို့ သက်ဆိုင်ရာ မြေမြှုပ်မိုင်း များသည့် ပဲခူးတိုင်း အရှေ့ဘက်ခြမ်းကိုလည်း သွားရောက်၍ မိုင်း ဟု သံသယ ရှိပါက မည်သို့ လုပ်ဆောင်ရမည်ကို ပြောဆိုခဲ့ကြောင်း Humanitarian Mine Action Initiative Myanmar မှ ဦးသိန်းဟန်သူ ကလည်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“သူတို့ သွားလာလှုပ်ရှားမှု အဆင်ပြေစေဖို့အတွက် ခြေတုများကို ငြိမ်းချမ်းမြန်မာ ကူညီ ထောက်ပံ့ရေး ဖောင်ဒေးရှင်း က ထောက်ပံ့ ပေးနေပါတယ်။ Mobile အနေနဲ့ လုပ်ဆောင်ပေးနေပါတယ်”ဟု ဦးသိန်းဟန်သူ က ပြောသည်။

မြေမြှုပ်မိုင်းသည် တိုက်ပွဲအတွက် အသုံးမဝင်ဘဲ အရပ်သားများကို ပိုမိုထိခိုက်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုက်ပွဲများတွင် မြေမြှုပ်မိုင်း အသုံးမပြုသင့်ကြောင်းကိုလည်း ဦးသိန်းဟန်သူ က ပြောဆိုသည်။

တကမ္ဘာလုံးတွင် လူသတ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရမှု အမြင့်ဆုံး နံပါတ် ၁ နေရာတွင် အာဖဂန်နစ္စတန်၊ နံပါတ် ၂ နေရာတွင် ကိုလံဘီယာ၊ နံပါတ် ၃ နေရာတွင် မြန်မာနိုင်ငံ၊ နံပါတ် ၄ နေရာတွင် ပါကစ္စတန်နှင့် နံပါတ် ၅ နေရာတွင် ကမ္ဘောဒီးယား တို့ ဖြစ်ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၅ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

Loading