၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တင်သွင်းမည့် သမ္မတ အမည်စာရင်းကို လတ်တလော ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးဘဲ လာမည့် မတ်လ ၁၀ ရက် ပြည်ထောင်စုလွှတ်တော်၌ အမည်စာရင်းတင်သွင်းမှသာ အတိအကျ သိရမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားလိုက်သည်။
“တခြားတော့ ဘာမှပြောစရာ မရှိသေးဘူး။ မတ်လ ၁၀ နေ့ ရောက်ရင် အတိအကျ သိရမှာပါ”ဟု ၎င်းက မီဒီယာများသို့ ယနေ့ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ပြောဆိုသည်။
ယနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှ ညနေ ၃ နာရီအထိ နေပြည်တော်ကောင်စီနယ်မြေရှိ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီနေအိမ်တွင် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ရာ ပါတီမှ တင်သွင်းမည့် သမ္မတ၊ ဒုသမ္မတ အမည်စာရင်းများ ထုတ်ပြန်နိုင်ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်နေခဲ့သော်လည်း အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
အဆိုပါ အစည်းအဝေး ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် သဘာပတိ ဒေါ်ခင်ဌေးကြွယ်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးမန်းဂျော်နီ၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမေဝင်းမြင့်နှင့် ဦးအုန်းကြိုင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၀ ဦး တက်ရောက်ခဲ့သည်။
သမ္မတလောင်းစာရင်းတွင် ဦးထင်ကျော်နှင့် ဒေါက်တာမျိုးအောင်တို့ ရှေ့တန်းမှ ပြေးနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းများကြား ပြောဆိုနေကြသည်။ အများစုက ကွယ်လွန်သူ စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားဖြစ်သူ ဦးထင်ကျော်ကို ပိုဖြစ်နိုင်ကြောင်း တွက်ဆနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံးနှင့် စိတ်ချရဆုံးလူနည်းစုတွင် တဦးအပါအဝင်ဖြစ်သည့် ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် ငယ်ပြီး ရန်ကုန် ကွန်ပြူတာဌာန၏ ပထမဦးဆုံး နိုင်ငံခြား ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးခဲ့သူ ဖြစ်သည်။
မိသားစု မျိုးရိုး သမိုင်းကြောင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်သော စိတ်ထားရှိပြီး အေးအေးဆေးဆေး နေထိုင်တတ်၍လည်းကောင်း NLD ပါတီဝင်များအကြား လေးစားချစ်ခင်ခြင်းခံရသည်။ NLD နာမည်ကြီးခေါင်းဆောင်တဦးဖြစ်သော ဦးလွင်၏သမီး ဒေါ်စုစုလွင်၏ ခင်ပွန်းလည်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်နေရာများနှင့် ဝန်ကြီးနေရာများစာရင်းလည်း ထွက်ပေါ်လျက်ရှိသည်။ သို့သော် ပါတီထိပ်ပိုင်းခေါင်းဆောင်များက အဆိုပါသတင်းများအပေါ် အတည်ပြုပြောဆိုခြင်း မရှိသေးပေ။
ဒု သမ္မတလောင်း ကိုယ်စားလှယ် ၂ ဦးကို NLD ပါတီမှ လွှတ်တော်များတွင် အမည်စာရင်းတင်သွင်းရမည် ဖြစ်ပြီး တပ်မတော်မှ ကိုယ်စားလှယ်တဦး တင်သွင်းရမည်။ NLD ပါတီနှင့် အလားတူ တပ်မတော်မှတင်သွင်းမည့် ဒု သမ္မတ မည်သူဖြစ်မည်ကို တရားဝင် မထုတ်ပြန်သေးပေ။
သမ္မတ တင်မြှောက်ပြီးသည်နှင့် သမ္မတက ပြည်ထောင်စုအစိုးရ ဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ခန့်အပ်ရမည်။ ထို့နောက် မတ်လ ၃၁ ရက်တွင် အာဏာလွှဲပြောင်းရယူမည်ဖြစ်ပြီး ဧပြီ ၁ ရက်မှ စတင်ကာ အစိုးရသစ် တာဝန် စတင်ထမ်းဆောင်မည်ဟုလည်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း က ပြောသည်။
“ဒီနေ့ အစည်းအဝေးက လုပ်ရိုးလုပ်စဉ်ပဲ။ ရှေ့လာမယ့် အစိုးရလက်ထက်မှာ လုပ်မယ့် ကိစ္စတွေ ဆွေးနွေးတာ။ ဆုံးဖြတ်ချက်တခုမှ မရှိဘူး။ ၃၁ ရက်လွှဲပြီးရင် တာဝန်က ကျနော်တို့ဘက်ရောက်လာမယ်ဆိုတော့ ဧပြီ ၁ ရက်နေ့ မှာ စမှာပေါ့”ဟု ဦးဉာဏ်ဝင်းက မီဒီယာများသို့ ပြောသည်။
အာဏာလွှဲပြောင်းရေးကိစ္စကို NLD ပါတီက ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်ရန် စီစဉ်နေပြီး သမ္မတရုံးဘက်က သမ္မတအိမ်တော်တွင် ပြုလုပ်ရန် ဆန္ဒရှိသည်ဟု သတင်းမီဒီယာများထက်တွင် ဖော်ပြလျက်ရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “ကျနော်တို့က အခမ်းအနားတခု လုပ်ချင်တာ။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ ကျန်တာတော့ သူတို့ဘက်က ဆန္ဒရှိသလိုပေါ့။ ကျမ်းကျိန်တဲ့ကိစ္စတွေ ဘာတွေကျတော့ လွှတ်တော်မှာ လုပ်ရမှာပေါ့။ လွှတ်တော်မှာမလုပ်နဲ့ ဒီဘက်မှာလုပ်လို့ ပြောတာမဟုတ်ဘူး။ ငွေကုန်ကြေးကျများအောင် လုပ်တာလည်း မရှိဘူး။ ဘယ်လိုအခမ်းအနားလုပ်မယ်ဆိုတာကတော့ လတ်တလောမှာ ပြောလို့မရသေးဘူး ညှိနှိုင်းနေတယ်။ ကျနော်တို့ကတော့ အစဉ်အလာ ဖြစ်သွားအောင် လုပ်တဲ့သဘောပေါ့။ ကတိသစ္စာပြုပြီးချိန်မှာ တာဝန်လွှဲပြောင်းတဲ့သဘောပဲ။ မတ်လ ၃၀ မတိုင်ခင်မှာတော့ NLD ပါတီနဲ့ အစည်းအဝေး ထပ်လုပ်ဖို့ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းက သမ္မတကြီးဦးသိန်းစိန် ကို တာဝန်လွှဲချိန်မှာတော့ စာတစောင်ထုတ်ပြန်ခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းနိုင်ရန် နှစ်ဖက်စလုံးက အစည်းအဝေး ၃ ကြိမ် ပြုလုပ်ထားပြီး ၄ ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယခု မတ်လဆန်းအတွင်း နှစ်ဖက် ညှိနှိုင်း တွေ့ဆုံရန် သဘောတူညီထားသည်ဟု အစိုးရဘက်က ထုတ်ဖော် ပြောဆိုသည်။