
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး တရားလိုဘက်ခြမ်းမှ သက်သေ ၉ ဦး တင်သွင်းလိုက်ကြောင်း သိရသည်။
ယနေ့ ဗဟန်းမြို့နယ် တရားရုံးတွင် ပြုလုပ်သည့် ၈ ကြိမ်မြောက် ရုံးချိန်းတွင် မစုဝေ ရိုက်နှက်ခံနေရသည့် ဖြစ်စဉ်ကို ပြည်သူအများ သိရှိစေရန် ဖေ့စ်ဘုတ်တွင် ဖော်ပြခဲ့သူ ဦးစည်သူညွှန့်ကို တရားလိုဘက်မှ သက်သေအဖြစ် တင်သွင်းထားကြောင်း၊ သို့သော် ဦးစည်သူညွှန့်သည် ခရီးလွန် နေသဖြင့် ယနေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်း မရှိသည့်အတွက် လာမည့် မတ်လ ၁၇ ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တရားရုံးချိန်းတွင် တရားလိုဘက်ကို စတင်စစ်ဆေးရာ တရားလိုဖြစ်သူ ဗဟန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီး ဌာန အမျိုးသမီး သက်မွေး၊ အတတ်ပညာသင်ကျောင်း ဒုတိယ ကျောင်းအုပ် ဒေါ်စန်းစန်းထွေးက မစုဝေ ရိုက်နှက် ညှဉ်းပန်းခံရမှုတွင် အိမ်ရှင် ဗိုလ်မှူးကျော်နုမော်၏ ဇနီး ပါဝင်နေကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ယင်းအမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ထိုကလေး၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန်ကြိုးတုတ်နေသည့် ဓာတ်ပုံများ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယခုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။