Politics

NLD အစိုးရသစ်ကို ဂျပန်က အကြီးစား ကူညီမှုများ ပေးအပ်ရန် စဉ်းစားနေ

This article has been converted from Zawgyi One to Unicode

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကြောင့် မြန်မာ နိုင်ငံ၏ အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးနှင့် မြို့ပြစီမံကိန်းအစရှိသည့် ကဏ္ဍများအတွက် အကြီးစား ကူညီထောက်ပံ့ မှုများပေးရန် ဂျပန်အစိုးရက စဉ်းစားနေကြောင်း ဂျပန် အစိုးရ အရာရှိတဦးက ကျိုတိုသတင်းဌာနသို့ မတ်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ ဂျပန် ဝန်ကြီးချုပ်၏ အထူးအကြံပေး Hiroto Izumi လာရောက်ခဲ့စဉ်က ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဂျပန် အစိုးရ၏ တရားဝင် ဖွံဖြိုးရေး အထောက်အပံ့(ODA)အရ ချေးငွေနှင့် ထောက်ပံ့ငွေ စုစုပေါင်း ဂျပန် ယန်းငွေ ၁၀၀ ဘီလီယံ ထုတ်ပေးရန် စီစဉ်နေခြင်းက ဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ တာဝန်ယူသည့် အချိန်တွင် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

NLD ပါတီ အာဏာရရှိလာသည့် အချိန်တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ အရှိန်မြှင့်တင်သွားရန်နှင့် အစီအစဉ် အသေး စိတ်ကို မေလခန့်တွင် ပြုစုနိုင်ရန် ဂျပန်အစိုးရက ဆန္ဒရှိနေသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံကို စောလျှင်စွာ အကူအညီပေးရေး အစီအစဉ်များကို ခိုင်မာအောင် ပြုလုပ်နိုင် လိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရ လက်အောက်တွင် ရှိနေစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာရှည်စွာ ထောက်ခံခဲ့ကြ သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း သူ့ကို ကူညီဖွယ်ရာ ရှိနေသည်။ ထို့ပြင် စစ်အစိုးရနှင့် အလွန်နီးကပ်ခဲ့သော တရုတ် နိုင်ငံကလည်း NLD ကို ချဉ်းကပ်နေသည်။

ဂျပန်နိုင်ငံ၏ ODA စီမံကိန်းများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက် အဦးများ တိုးတက် ကောင်းမွန်လာရေး အစီအစဉ်များ ပါဝင်လာဖွယ် ရှိသည်။ NLD ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက် ကောင်းမွန်ရေးကို ဦးစားပေးအဖြစ် ထားရှိမည့် ပုံစံ ရှိနေသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန် ဧရိယာသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရသည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်သလို ပြီးခဲ့သည့် နှစ်များအတွင်း မော်တော်ကား တင်သွင်းမှုများ ရုတ်တရက်မြင့်တက် သွားခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ မြစ်များအတွင်းတွင် ရေကြောင်း ပို့ဆောင်ရေးစနစ်များ တည်ဆောက်မည့် စိတ်ကူးတခုကိုလည်း ဒေါ် အောင်ဆန်းစုကြည်က Hiroto Izumi ကို ပြောကြားခဲ့သည်ဟုလည်း သိရသည်။

NLD က ကျမ်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း တိုးတက်လာရေးကို ရည်ရွယ်သည့် စီမံချက်များကို ယခုလအတွင်း တင်ပြနိုင်ရန် စီစဉ်နေပြီး ဂျပန်နိုင်ငံကလည်း မူဝါဒသစ်နှင့် ကိုက်ညီသည့် စီမံကိန်းတခုတွင် ပါဝင်လုပ်ကိုင်လာနိုင်ကြောင်းလည်း အဆိုပါ ဂျပန် အရာရှိက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သော်လည်း သမ္မတနေရာတွင် အခြားသူတဦးကို ထမ်းဆောင်စေပြီး သူက တိုင်းပြည်ကို ထိထိရောက်ရောက် ဦးဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေအရ နိုင်ငံခြားသား အိမ်ထောင်ဘက် သို့မဟုတ် နိုင်ငံခြားသားဖြစ်သည့် သား/သမီး ရှိနေသူများမှာ သမ္မတ တာဝန် ထမ်းဆောင်ခွင့် မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းနှင့် သား ၂ ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်သည်။
သို့သော်လည်း ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရသစ်၏ ခေါင်းဆောင်အစစ်အမှန်အဖြစ် သဘောထားကြောင်း Hiroto Izumi က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ကြောင်း အဆိုပါ ဂျပန်အရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ကူးပြောင်းခဲ့သည့် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ဂျပန်နိုင်ငံကလည်း ဘဏ္ဍာရေး အကူအညီများ တိုးမြှင့်ပေးခဲ့သည်။

အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ ဖမ်းဆီးထားသည့် တိုင်အောင် ဂျပန်နိုင်ငံက အမေရိကန်နှင့် ဥရောပနိုင်ငံများကဲ့သို့ တင်းကျပ်သည့် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခြင်း မရှိဘဲ စစ်အစိုးရနှင့် ဆက်ဆံ ရေးကို ဆက်လက် ထိန်းသိမ်းထားခဲ့သည့်အတွက် စိတ်ပျက်ခဲ့ရကြောင်း ပြောကြားခဲ့ဖူးပါသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အားလုံးကို အလိုရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံနှင့် အလုပ်လုပ်ရန် အဆင်သင့် ရှိနေသည့် အသွင်ရှိသည်။ ထို့နည်းတူ ဂျပန်နိုင်ငံကလည်း NLD အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရန် မျှော်လင့်လျက် ရှိသည်။

Source: The Japan Times, Kyodo

Loading