ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ပို့မည်ဟု ယူဆရသည့် လက်နက်ခဲယမ်းမျိုးစုံကို ထိုင်း စစ်တပ်၊ နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအထူးတပ်ဖွဲ့က မတ်လ ၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ထိုအထဲတွင် M-16 ၁၀ လက်နှင့် ၎င်းကျည် အတောင့် ၂၀၀၀၊ AK-47 ၇ လက်၊ M-60 ကျည် ၁၀၀၀ ပါ ခါးပတ်တွဲ၊ M-69 ကျည် ၉ လုံး၊ M-2 စက်သေနက်ကျည် ၁၀၅၀ တို့ ပါဝင်ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် သတင်းယူခဲ့သည့် ကရင်အမျိုးသား မီဒီယာမှ မန်းမျိုးမြင့်က ပြောသည်။
မန်းမျိုးမြင့်က “သူတို့ ပြောပြတာကတော့ လက်နက်တွေတင်လာတဲ့ ကားက တာခ့်ခရိုင်ဘက်က မောင်းလာတယ်။ မဲဆောက်မြို့ အဝင် Checkpoint (စစ်ဆေးရေးဂိတ်) မှာ တာဝန်ရှိသူတွေက ရပ်ခိုင်းတာ။ ကားက ရပ်မပေးဘဲ မောင်းပြေးတာကို လိုက်ဖမ်းရာက မဲဆောက်မြို့ထဲမှာ မိတာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်နက်ခဲယမ်းများနှင့် သယ်ဆောင်လာသည့် ကားကို ဖမ်းဆီးရမိခဲ့သော်လည်း ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါ ယာဉ်ပိုင်ရှင်မှာ လွန်ခဲ့သည့် ၂ လခန့်က ရာဇဝတ်မှု တခုဖြင့် ထုတ်ပယ် ခံထားရသည့် ထိုင်းရဲအရာခံဗိုလ် တဦးဖြစ်ပြီး ထိုင်းအာဏာပိုင်များက လိုက်လံ ဖမ်းဆီးလျှက်ရှိကြောင်း၊ မဲဆောက်မြို့ရှိ ၎င်း၏ နေအိမ်သို့လည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများသည် ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များထံသို့ တင်ပို့ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆနေကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် မာဖီးယားဂိုဏ်းများလည်း ရှိသဖြင့် မြန်မာနိုင်ငံဘက် အခြမ်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများထံ ပို့မည်ဟု ယူဆချက်များသည် မှန်းဆရန် ခက်ခဲကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မြဝတီမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောဇောရိုးက ပြောသည်။
ဗိုလ်မှူး စောဇောရိုး က “ထိုင်းသတင်းမှာပဲ တွေ့လိုက်တယ်။ ဘယ်ကို ပို့မယ်ဆိုတာကတော့ ခန့်မှန်းရ ခက်ပါတယ်။ ကျနော်တို့ ဟာတော့ မဟုတ်ပါဘူး။ ခန့်မှန်းလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းက မဟုတ်ပေမယ့် ထိုင်းမှာလည်း မာဖီးယားဂိုဏ်းတွေလည်း ရှိတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
မဲဆောက်မြို့နယ်နှင့် အနီးဆုံးဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ကရင် နယ်ခြားစောင့်တပ် (BGF) တို့ လှုပ်ရှားလျှက်ရှိသည်။