Human Rights

မန္တလေးတွင် ကျူးကျော်များအတွက် အငှား တိုက်ခန်းများ မဲဖောက်ပေး

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသော အငှား တိုက်ခန်းများအား ကျူးကျော်နေထိုင်သူများ အတွက် မဲဖောက်ပေး၍ အငှားချသည့် အစီအစဉ်ကို မတ်လ ၇ ရက်တွင် ပြုလုပ်သည်။

မန္တလေးမြို့အနောက်ဘက် ကမ်းနားလမ်း၌ ဆောက်လုပ်ထားသည့် အထပ် ၆ ထပ်ရှိပြီး အကျယ် ၉ ပေခွဲ x ၁၉ ပေရှိ အခန်းပေါင်း ၁၅၈၄ ခန်းရှိသော တိုက်ခန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ(မန်းစည်ပင်)က မဲနှိုက်ပေးခြင်း ဖြစ်သည်။

ကျုးကျော်များအတွက်သာ ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပြီး တိုက်ခန်းများအား အငှားစနစ်ဖြင့် တလလျှင် ကျပ် သုံးသောင်း နှုန်း တပြေးညီ ငှားရမ်းပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်း တိုက်ခန်းအငှား လျှောက်လွှာများကို မန်းစည်ပင်က ဇန်နဝါရီလအတွင်းက စတင်၍ ဖေဖော်ဝါရီ လဆန်း နောက်ဆုံးထား ဖြန့် ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခန်းအငှားလျှောက်လွှာ ၂,၀၀၀ ကျော်အား ကျုးကျော်များသို့ပေးအပ်ခဲ့ပြီး သတ်မှတ် အရည်အချင်း နှင့် ကိုက်ညီသည့် လျှောက်ထားသူ ၁,၂၀၆ ဦးအား ကိုယ်တိုင်မဲနှိုက်စနစ်ဖြင့် မဲဖောက်ပေးခြင်း ဖြစ်ကြောင်း မန်းစည်ပင် အတွင်း ရေးမှူး ဦးခင်မောင်တင်က ပြောသည်။

ထိုသို့ မဲနှိုက်ရာတွင် မဲနှိုက်ခွင့်မရသူ များစွာရှိကြောင်းလည်း သိရသည်။

အငှားတိုက်ခန်းများ ဆောက်လုပ်ထားသည့် နေရာနှင့် အနောက်ဘက် ကပ်လျက် ကမ်းနားလမ်းရှိ မန်ကျည်းပင်ဆိပ် အရပ်တွင် ၂၃ နှစ် ကြာ ကျုးကျော်နေထိုင်လာသည့် ဦးထွန်းက တိုက်ခန်းလျှောက်လွှာ တင်ရာတွင် အိမ်ထောင်စုဇယား မရှိဟုဆိုပြီး မန်းစည်ပင်က ပယ်ချခဲ့သဖြင့် မဲနှိုက်ခွင့် မရကြောင်း ပြောသည်။

“အိမ်ပိုင်ရာပိုင် ရှိတဲ့သူတွေကျ မဲနှိုက်ခွင့်ရသူ စာရင်းထဲ ပါလာတယ်။ ကျနော်တို့ တကယ်နေစရာ မရှိတဲ့သူတွေကျ ပါမလာဘူး။ လျှောက်လွှာတင်ဖို့ လာပေးတဲ့ အချိန်နဲ့ ပြန်အပ်ရမယ့် အချိန်က ၃ ရက်ပဲရှိတော့ အိမ်ထောင်စုဇယား လျှောက်ဖို့ အဆင်မပြေဘူး”ဟု ၎င်းက ပြောဆိုသည်။

မန်ကျည်းပင်ဆိပ် အရပ်တွင် ကျုးကျော်နေထိုင်သည့် အိမ်ထောင်စုများအနက် အိမ်ထောင်စုငါးဆယ်ကျော်မှာ အိမ်ထောင်စုဇယား မရှိ၍ဆိုကာ မဲနှိုက်ခွင့် မရကြကြောင်းလည်း သိရသည်။

မန်းစည်ပင် အတွင်းရေးမှူး ဦးခင်မောင်တင်ကလည်း မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား ပူးတွဲဖော်ပြခြင်း မရှိသည့် လျှောက်လွှာများကို ပယ်ချခဲ့ကြောင်း ပြောသည်။

လျှောက်လွှာများ လာပေးစဉ်က အိမ်ထောင်စုဇယား မရှိသော်လည်း မှတ်ပုံတင်ရှိလျှင်ရသည်ဟု ပြောဆိုခဲ့သဖြင့် မှတ်ပုံတင်ပူးတွဲဖော်ပြ၍ လျှောက်ထားခဲ့သော်လည်း မိမိတို့လျှောက်လွှာများ ပယ်ချခံခဲ့ရကြောင်း မန်ကျည်းပင်ဆိပ် အရပ်တွင် ကျုးကျော်နေထိုင်သူ တဦး ဖြစ်သော ဒေါ်ခင်မာရီ က ပြောဆိုသည်။

“ကျမမှာ မှတ်ပုံတင်ရှိပေမယ့် အိမ်ထောင်စုဇယားက လုပ်ရတာ အရမ်းခက်တယ်။ ကျမ အမျိုးသားက ဆုံးသွားပြီ။ သူကနယ်မှာပဲ အိမ်ထောင်စုဇယား ရှိတော့ အဲဒီထိ သွားလုပ်မှရမှာ”ဟုလည်း ဒေါ်ခင်မာရီက ပြောသည်။

တိုက်ခန်း မဲနှိုက်ရန် သတ်မှတ် စည်းကမ်းချက်များမှာ ဧရာဝတီ မြစ်ကမ်းဘေး တလျှောက် ကျုးကျော်နေထိုင်သည့် ကာယ လုပ် သား များဖြစ် ရမည်၊ ကမ်းနားလမ်း တလျှောက် ကိုယ်ပိုင်အိမ်ရာ မရှိသောသူများ၊ ယာယီတဲများဖြင့် နေထိုင်သူများဖြစ်ရမည် ဖြစ်ကြောင်း၊ ရာဇဝတ်မှု၊ မှုခင်း၊ ပြစ်မှုမှတ်တမ်း ကင်းရှင်းသူူများ ဖြစ်ရမည် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေ တရပ်ရပ်ဖြင့် အရေးယူရန် မှုခင်း ရင်ဆိုင် နေသူများ မဖြစ်စေရ ဟူ၍ ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် အငှားအိမ်ရာ တိုက်ခန်း မဲဖောက်ပွဲအခမ်းအနားသို့ လာရောက်ကြသူများအား မဲနှိုက်ခွင့်ရ၊ မရ မေးမြန်းရာ၌ ကမ်းနားလမ်းတွင် ကျုးကျော်နေထိုင်ကြသူများထဲမှ မဲနှိုက်ခွင့်မရသူ ဦးရေ ၃၀ နီးပါးရှိသည်ကို တွေ့ရှိခဲ့ရသည်။

အငှားအိမ်ရာတိုက်ခန်း ငှားရမ်းနေထိုင်ခွင့် ရရှိသူများသည် မိမိတို့နှင့် သက်ဆိုင်ရာ ကျုးကျော် အဆောက်အအုံများအား ငှားရမ်းခွင့် ရရှိနေထိုင်သော ရက်မှစ၍ ကိုယ့်အစီအစဉ်ဖြင့် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ဖျက်သိမ်းပြီးစီးခြင်း မရှိပါက မန်းစည်ပင် အစီအစဉ်ဖြင့် ဝင်ရောက်ဖျက်သိမ်းမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

“အိုးပိုင်အိမ်ပိုင် ရှိလျက်နဲ့ တိုက်ခန်းငှားရမ်း နေထိုင်သူတွေကို စိစစ်တွေ့ရှိရင် ပြန်လည် သိမ်းယူသွားမှာပါ”ဟု ဦးခင်မောင်တင် က လည်း ပြောဆိုသည်။

မဲဖောက်ပြီးနောက် ကျန်ရှိသည့် တိုက်ခန်း ၃၀၀ ကျော်အတွက် ငှားရမ်းခွင့် လျှောက်လွှာများကို ဧပြီလအတွင်း ပြန်လည် လက်ခံသွား မည်ဖြစ်ကြောင်း မန်းစည်ပင်က ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ တန်ဖိုးနည်း အငှားတိုက်ခန်းများ၏ စုစုပေါင်းကုန်ကျ ငွေ တန်ဖိုးသည် ကျပ် ၁၁ ဘီလီယံဖြစ်ပြီး တိုင်းဒေသကြီး အစိုးရက ၅ ဘီလီယံနှင့် မန်းစည်ပင်က ၆ ဘီလီယံ ထည့်ဝင် ဆောက် ထားလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Loading