ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း မြေပြင်တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည် စတင်မည်ဆိုပါက ဒေသခံများကို ပွင့်လင်း မြင်သာစွာ ချပြပြီး ၎င်းတို့၏ သဘောထား ဆန္ဒရယူပြီးမှသာ ဆက်လက် ဆောင်ရွက်သင့်ကြောင်း ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့(DDA) က တောင်းဆိုလိုက်သည်။
ပြန်လည် စတင်ရန် စိုင်းပြင်းနေသည့် ထားဝယ် စီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့(DDA)မှ ထုတ်ဝေ သည့် “လူထုကြားမှ အသံများ” သုတေသန အစီအရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာ ရှင်းလင်းပွဲကို မတ် ၇ ရက်တွင် ရန်ကုန်မြို့၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
ယခု ထုတ်ပြန်လိုက်သည့် သုတေသန အစီရင်ခံစာသည် အစိုးရသစ်ကို တိုက်ရိုက် မရည်ရွယ်သော်လည်း ယခင် အစိုးရ လုပ်ခဲ့ သည့် စီမံကိန်းများကို မလွဲမသွေ တာဝန်ဆက်လက်ယူရမည့် အစိုးသစ်အတွက် ယခင်မှားခဲ့သည့် အမှားများကို သင်ခန်းစာယူရန် ပိုအရေးကြီးသဖြင့် ၂၀၁၄ စက်တင်ဘာတွင် ပြီးစီးခဲ့သည့် အစီရင်ခံစာကို ယခုအချိန်တွင်မှ တရားဝင် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း DDA မှ ဦးသန့်ဇင်က ဧရာဝတီသို့ ပြောသည်။
ဦးသန့်ဇင်က“ဒီတောက်လျှောက်လုံးမှာ အစိုးရသည် လုပ်ချင်ရာလုပ်ပြီး ပြောချင်ရာ ပြောနေတာလို့ ထင်တယ်။ အဲလို နားမထောင် တဲ့သူကို သွားပြောရင်တော့ အရပ်စကားနဲ့ပြောရင် ဘာမှမထူးဘူး။ သူတို့ လုပ်ချင်ရာလုပ်မှာပဲ။ အခုအခြေအနေက အားလုံး သိပြီး တဲ့အတိုင်း ကိုယ့်ကိုယ် ကိုယ်စားပြုနိုင်တဲ့ ကိုယ့်ဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်တဲ့ အစိုးရမျိုးကို ပြည်သူတွေ ရွေးချယ်ခဲ့ တယ်။ သူတို့အနေနဲ့လည်း ဒေသခံတွေရဲ့တောင်းဆိုမှုတွေကို ဖြေရှင်းပေးနိုင်တဲ့ အခွင့်အလမ်းရပြီလို့ ထင်တယ်”ဟု ဆိုသည်။
အစိုးရသက်တမ်း ကုန်ဆုံးတော့မည့် ဦးသိန်းစိန် အစိုးရ၏ ယင်းစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုသည် တက်လာမည့် အစိုးရသစ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်စုစုဆွေက သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။
“အစိုးရသစ်ကို တောင်းဆိုချင်တာက ထားဝယ် စီမံကိန်းဟာ စစ်အာဏာရှင် အစိုးရ လက်ထက်ထဲက တဝက်တပျက် ပြုပြင် ပြောင်းလဲရေးကနေ အခု ဒီမိုကရေစီ အစိုးရအထိ သယ်လာတဲ့ စီမံကိန်းဟာ မဖြစ်သင့်ဘူး။ လွန်ခဲ့တဲ့အချိန်က လုပ်ထားတဲ့ စာရွက်စာတမ်း စာချုပ် အကုန်လုံးကို ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူလူထုကို ချပြဖို့ ပြီးတော့မှ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒယူပြီးတော့မှ ဆက်လက်ဆောင်ရွက်ဖို့ပါ”ဟု ဒေါ်စုစုဆွေက ပြောသည်။
ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း လုပ်ပိုင်ခွင့်ရ ကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စီမံကိန်း အကောင်အထည် ဖော်စဉ် ကာလအတွင်း လူ့အခွင့်အရေးနှင့် ဒေသခံ တိုင်းရင်းသားများ၏ အခွင့်အရေးကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်မှု များကို ကြားနာ အရေးယူပေးရန် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ DDA မှ ဦးဆောင်၍ တိုင်ကြားခဲ့ကြောင်း သိရသည်။
“လူထုကြားမှ အသံများ” အစီရင်ခံစာတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် သက်ရောက်ခံရသူ များ၏ စီမံကိန်းနှင့် ပတ်သက်သော သတင်းအချက်အလက် ရရှိမှု၊ ပါဝင်ဆွေးနွေးနိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်း ထိခိုက်မှု စသည့် ကဏ္ဍများ ပါရှိသည်။
စီမံကိန်း ဧရိယာတွင် နေထိုင်သူတဦးဖြစ်သူ ဒေါ်သီတာအေးက “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဖြစ်သွားတဲ့ပြဿနာတွေမှာ လျော်ကြေး တွေ ထိုက်ထိုက်တန်တန် ရချင်တယ်။ အရင်က ခြံထဲမှာ ကွမ်းသီး၊ ရော်ဘာတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်တယ်။ အခု တော့ ကြုံရာကျပန်း လုပ်နေရတဲ့အတွက် စားဝတ်နေရေးကလည်း အဆင်မပြေဘူး”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ယင်းသုတေသနကို စီမံကိန်းဧရိယာအတွင်းရှိ ရွာ ၉ ရွာ၊ အဝေးပြေး လမ်းတလျှောက်ရှိ ရွာ ၈ ရွာ၊ စီမံကိန်း ဧရိယာ ပြင်ပတွင် ရှိ သော်လည်း တိုက်ရိုက် ထိခိုက်ခံစားရနိုင်သော ကျေးရွာ ၃ ရွာ စုစုပေါင်း ကျေးရွာ ၂၀ တွင် ကောက်ယူထားခြင်းဖြစ်ကြောင်း၊ သုတေသန ထွက်ရှိရန် ၁ နှစ်ခန့် အချိန်ယူခဲ့ရပြီး စုစုပေါင်း စစ်တမ်းကောက်ယူခဲ့သော အိမ်ထောင်စု ၁၅၈၃ ရှိကြောင်း သိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ် ဇွန်လတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ အကြား နားလည်မှု စာချွန်လွှာရေးထိုးပြီးနောက် ၂၀၁၀ နှောင်းပိုင်းမှစ၍ မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ခဲ့သည်ဟု သိရသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစ၍ ထိုင်းနှင့်မြန်မာ အစိုးရတို့ ပူးတွဲအကောင်အထည်ဖော်သော စီမံကိန်းအဖြစ်သို့ ပြောင်းခဲ့ပြီး ၂၀၁၅ ခု နှစ် အတွင်း၌ ဂျပန်နိုင်ငံအနေဖြင့် စီမံကိန်းတွင် ပါဝင်ရန်ဆုံးဖြတ်ခဲ့သည့်အတွက် ယခုအခါ ထားဝယ် စီမံကိန်းသည် ၃ နိုင်ငံ အချိုးကျ ရင်းနှီးမြှုပ်နှံသော စီမံကိန်း ဖြစ်လာခဲ့ကြောင်း သိရသည်။