ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၌ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို အစိုးရ တပ်မတော်က လေကြောင်းဖြင့် တိုက်ခိုက်ကြောင်း TNLA က ပြောသည်။
ကျောက်မဲမြို့နယ်ရှိ TNLA ၏ တပ်မဟာ ၂ တည်ရှိရာ ပါလိုင်ကျေးရွာနှင့် ကျောက်ဖြူရွာ ဝန်းကျင်၌ အစိုးရတပ်နှင့်TNLA တို့ကြား ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ခံ ဗိုလ်မှူး တာဘန်လ က ဧရာဝတီ ကို ပြောသည်။
ဗိုလ်မှူး တာဘန်လ က“ဒီနေ့တိုက်ပွဲက မနက်ပိုင်းကတည်းက စဖြစ်တာ ညနေပိုင်းအထိ ဖြစ်နေတုန်းပါပဲ၊ အစိုးရတပ်က လေယာဉ် ၂ စီးနဲ့ တိုက်ပါတယ်၊ တိုက်ပွဲက ဖြစ်နေတုန်းဆိုတော့ ထိခိုက်ကျဆုံးမှုတွေကို အတိအကျ မသိရသေးပါဘူး”ဟုလည်း ဆိုသည်။
ရှမ်းမြောက်ပိုင်းရှိ TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုကာ ထိုနယ်မြေအား အစိုးရ တပ်က နယ်မြေရှင်း လင်းရေး လုပ်ဆောင်မည် ဖြစ်၍ ထိုနယ်မြေများမှ TNLA နှင့် RCSS/SSA နှစ်ဘက်စလုံးမှ တပ်များဆုတ်ခွာရန် ပြီးခဲ့သည့် ဖေဖော် ဝါရီလက သတိပေးထားသည်။
အကယ်၍ TNLA နှင့် RCSS/SSA တို့အနေဖြင့် မဆုတ်ခွာပါက အင်အားသုံး တိုက်ခိုက်ရှင်းလင်းသွားမည်ဟုလည်း အစိုးရ ဘက်က ပြောဆိုထားသည်။ အစိုးရ တပ်များသည် ၎င်းတို့ ပြောဆိုထားသည့်အတိုင်း အင်အားသုံး၍ နယ်မြေရှင်းလင်းနေပြီဟုလည်း သိရ သည်။
“ကျနော်တို့မှာက အဲဒီနယ်မြေကလွဲရင် သွားစရာနေရာ မရှိပါဘူး၊ အဲဒီနေရာမှာပဲ ကျနော်တို့က နေ လာခဲ့တာပါ၊ တိုက်ပွဲ မဖြစ်အောင် ရှောင်လွှဲပေမယ့် မရတဲ့အတွက် ပြန်တိုက်ရတာပါ၊ အစိုးရ တပ်တွေကလည်း အများ အပြားရောက်နေတယ်ဆိုတော့ နယ်မြေရှင်းလင်းရေး လုပ်တဲ့ သဘောလည်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူး တာဘန်လ က ပြောသည်။
ထို့အတူ RCSS/SSA အဖွဲ့သည် တောင်ပိုင်းတပ်များသာ ဖြစ်၍ မူလနေရာ ပြန်သွားရန် အစိုးရက ပြောဆိုထားသော်လည်း ဆုတ်ခွာမှု မရှိသေး ဟု သိရသည်။
အစိုးရတပ်နှင့် TNLA တို့ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင် စသည့်မြို့နယ်များ ၌ လည်း ယခု လဆန်းပိုင်းမှစ၍ တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားလျက်ရှိ ကြောင်း TNLA ၏ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
အစိုးရတပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA တပ်များ လှုပ်ရှားရာ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ စသည့်မြို့နယ် များသို့ ဖေဖော်ဝါရီလ ၂၃ ရက်မှ စ၍ တပ်အင်အား အလုံးအရင်း နေရာယူထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲနှင့် နမ့်ဆန်မြို့ စသည့် မြို့နယ်များ၌ RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၄ ထောင်ဝန်းကျင် အိုးအိမ်စွန့်ခွာ၍ စစ်ဘေး ခိုလှူံနေကြရသည်။
တိုက်ပွဲများသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။