ဧရာဝတီတိုင်း၊ လပွတ္တာမြို့ အခြေစိုက် အမြောက်တပ်မှ မတ်လ ၁၄ ရက်နေ့တွင် ပင်လယ်ပြင်၌ လေ့ကျင့် ပစ်ခတ်မှုများ ပြုလုပ်မည် ဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးမှ ရေယာဉ်များနှင့် ပင်လယ်ပြင်သို့ ထွက်မည့်သူများကို သတိပေးတားမြစ်မှုများ ပြုလုပ် ထားကြောင်း သတင်းရရှိသည်။
လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှုး ဦးတိုးတိုးထွန်းက“စာထုတ်တာက န.တ.ခ(အနောက်တောင်တိုင်း စစ်ဌာနချုပ်)က စာထုတ်တာပါ။ ကျနော်တို့က ပြည်သူတွေသိအောင် လုပ်ဆောင်ပေးရတာပဲ ရှိပါတယ်။ မြို့နယ်အတွင်းက ကျေးရွာအားလုံးကို ပင်လယ်ပြင် မထွက်ဖို့ တားမြစ်ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လပွတ္တာမြို့၊ ကွင်းပေါက် အမြှောက်စခန်းမှ ၂၅ ပေါင်ဒါ ခွင်းကျည် ၁၀ တောင့်အား လေ့ကျင့် ပစ်ခတ်မည်ဖြစ်ပြီး ခရီးသည်တင် ရေယာဉ် များ၊ ငါးဖမ်းရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ ပစ်ကွင်းအတွင်း ဝင်ရောက်မှု မရှိစေရန် သတိပေးတားမြစ်ရခြင်း ဖြစ်ကြောင်း လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြောသည်။
“အမြောက်တပ်က စစ်ရေးလေ့ကျင့်မှာက ၁၄ ရက်နေ့ တရက်တည်းပါ။ အဲဒီရက်မှာ အမြှောက် ပစ်ကွင်းဧရိယာထဲမှာ ငါးမဖမ်းကြဖို့၊ မသွားလာကြဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ကျနော်တို့ အကြောင်းကြားထားပြီးပါပြီ”ဟု လပွတ္တာ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအေးနိုင်က ပြောသည်။
ယခုရာသီမှာ ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန်များ ရရှိမှု နည်းပါးသည့်အချိန်ဖြစ်၍ တပ်မတော် အမြှောက်တပ်၏ လေ့ကျင့်မှုက ဒေသခံများအပေါ် ထိခိုက်မှု အနည်းငယ်သာ ရှိနိုင်ကြောင်း လပွတ္တာမြို့မှ ဂဏန်းလုပ်ငန်းရှင် ဦးသိန်းဇော်က ပြောသည်။
“ဒီရာသီက ငါး၊ ပုစွန်၊ ဂဏန်းတွေ ရရှိတာ နည်းပါးတဲ့အချိန်ဖြစ်တော့ ၁ ရက်လောက် နားတာနဲ့တော့ ထိခိုက်မှု သိပ်မရှိပါဘူး။ ပြီးတော့ ၁၄ ရက်နေ့က ရေသေရက်ဖြစ်တော့ ငါးမရတတ်တဲ့ ရက်တွေပါ။ ဒေသခံတွေ စီးပွားရေး ထိခိုက်ရင်တောင် အနည်းအကျဉ်း လောက်ပါပဲ”ဟု သူက ပြောသည်။