အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် လူမှု အသိုင်းအဝိုင်း၏ အမြင်သဘောထားများ ပြောင်းလဲကြရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က တောင်းဆိုလိုက်သည်။
မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ မတိုင်မီ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့နှင့် UN Women တို့ ပူးပေါင်းကျင်းပသော အမျိုးသမီးများနှင့် မိန်းခလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး အတွက် အလုပ် ပိုလုပ်ကြနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဘာသာရေးခေါင်းဆောင်များက ဦးဆောင် ဆွေးနွေးကြသည်။
ရတနာ့မေတ္တာအဖွဲ့မှ ဒေါက်တာ ဒေါ်တင်နွယ်၊ ခရစ်ယာန်ဘုန်းတော်ကြီး ချားလ်ဘို၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်နှင့် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးလှထွန်းတို့က ပင်တိုင်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ၏ အဓိက ဘာသာကြီး လေးခု၏ အဆုံးအမတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံရန် ပြဌာန်းထားခြင်း မရှိဘဲ လူသားအားလုံးကို တန်းတူရည်တူဆက်ဆံရန်သာ သင်ပြထားကြောင်း ဆွေးနွေးပြောဆိုကြသည်။
သို့သော် လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြား ဆက်ဆံမှုနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် ထိုသို့ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် အမျိုးသမီးများ သာမက အမျိုးသားများ၏ အတွေးအမြင်များပါ ပြောင်းလဲလာရေး အရေးကြီးကြောင်း တက်ရောက်သူများကလည်း ထောက်ပြ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၀၀ ကျော်တွင် အမျိုးသမီး အများစု ပါဝင်ပြီး နိုင်ငံတကာ သံတမန်များလည်း တက်ရောက်ကာ အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ ပိုမိုမြင့်တက် လာရေးအတွက် ပညာရေး အခွင့်အလမ်းများ ပိုမို မြှင့်တင်ပေးရန် လိုအပ်သည်ဟု ထောက်ပြ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (MNHRC) အဖွဲ့ဝင် ၊ ကော်မရှင်၏ မူဝါဒနှင့် ဥပဒေရေးရာဌာနမှ ဒေါက်တာ ဒေါ်သန်းနွယ်က အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရန် မြန်မာ့လူ့အဖွဲ့အစည်းတွင် ပညာပေးမှုများ လိုအပ်နေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဒီထက် ဆက်ပြီး လုပ်ရဦးမယ်။ အခုလည်းပဲ အောက်ခြေ Grassroot အဆင့်အထိ သွားနေတယ်။ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ဆိုရင် ပဋိပက္ခနဲ့ သက်ဆိုင်နေတဲ့ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံ ဆွေးနွေးတယ်။ အစကတော့ လူကြီး ၄-၅ ယောက် နဲ့ စ (ဆွေးနွေး) ရတာပေါ့။ နောက်တော့ ဒီလို ဆွေးနွေးမှုတွေ ထပ်ထပ်ပြီး လုပ်ရမှာ။ အခုလည်း UN Women နဲ့ တွဲလုပ်နေတယ်” ဟု ဆိုသည်။
ဒေါက်တာ ဒေါ်သန်းနွယ်က ဆက်လက်၍ “လူမှုအသိုင်းအဝိုင်းတွင်းက လူတွေရဲ့ ယောကျာ် မိန်းမဆိုင်ရာ အမြင်ပြောင်းလဲဖို့ Generation (မျိုးဆက်အလိုက်) တော့ ရှိတာပေါ့။ ၁၉၈၈ နောက်ပိုင်းတည်းက လူငယ်တွေက နိုင်ငံတကာမှာ ပိုပြီးတော့ ထိုးဖောက်လာတယ်။ ဆက်ဆံရေးတွေမှာ ပိုပြီး နားလည်လာကြပြီ။ မိဘတွေပြောရင်လည်း သူတို့ နားထောင်ထားလိုက်တာ ရှိတယ်။ မြန်မာအမြင်အရ ယဉ်ကျေးတယ်။ နောက် ရိုသေမှုပြုတယ်ပေါ့။ Respect ပေးတယ်ဆိုတာက တကယ်တော့ လူကြီးတွေ၊ ဆရာတွေကို လေးစားသမှု ပြုရတယ်။ နောက် ထိုနည်းလည်းကောင်းပဲ၊ သူတို့အိမ်မှာ ယောက်ျားတွေကို ရိုသေလေးစားမှု ပြတယ်။ ဒါက ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ သဘောမျိုးနဲ့ ဆိုလို့ရှိရင် ဒါတွေ ပိုပြီးကောင်းလာမယ်။ သူတို့ရဲ့ အိမ်ထောင်တိုးတက်ဖို့၊ လိုက်လျောညီထွေ ဖြစ်ဖို့က ပညာပေးမှုတွေ လုပ်တဲ့အခါ မိန်းမတွေတင် မဟုတ်ဘဲ ယောက်ျားတွေရဲ့ အတွေးအမြင်ကိုပါ ပြောင်းရမယ်” ဟု ဆိုသည်။
ဆွေးနွေးပွဲတက်ရောက်သည့် ရတနာ့မေတ္တာအဖွဲ့၏ ဥက္ကဋ္ဌ ဦးမြင့်ဆွေက အမျိုးသမီးများ၏ စွမ်းအားကို အိမ်တွင်းမှု ထိန်းသိမ်းမှုတွင်သာမက လူမှုအကျိုးပြု လုပ်ငန်းများတွင် အသုံးချရန် လိုအပ်ကြောင်း ထောက်ပြသည်။ ဦးမြင့်ဆွေ၏ ရတနာ့မေတ္တာအဖွဲ့သည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင် အဖွဲ့တခု ဖြစ်သည်။
ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် ဘာသာတခုနှင့်တခုအကြား ပဋိပက္ခမဖြစ်စေရေး၊ ငြိမ်းချမ်းရေး၊ ကလေးသူငယ်များနှင့် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လူမှုအသိုင်းအဝိုင်းများအတွင်း ပညာပေးမှုများဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
“တကယ့် ဘာသာရေးအမြင်က ဒီလိုရှိပါတယ် ဆိုပေမယ့် လက်တွေ့မှာ ခွဲခြားမှုတွေ ရှိနေတယ်။ အဲဒီအမြင် သဘောထားတွေ ပြောင်းလဲဖို့ လုပ်ရမယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ မိန်းမဆိုတာ ကလေးမွေးဖို့ တခုတည်း မဟုတ်ဘူး၊ အိမ်ထဲမှာတင် ပိတ်လှောင်ထားဖို့၊ ထမင်းချက်ကျွေးဖို့ တခုတည်းလည်း မဟုတ်ဘူး ဆိုတာတွေ။ မြန်မာပြည်မှာ မိန်းမ လူဦးရေ ၂ သန်း ပိုနေတယ်။ ဒါတွေကို မီးဖိုချောင်ထဲ ထည့်ထားလို့ တိုင်းပြည် တိုးတက်မှု နောက်ကျမှာပေါ့” ဟု ဦးမြင့်ဆွေက ဆိုသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC) အနေဖြင့် လုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုများအပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသမှ ချိုးဖောက်ခံရသည့် အမျိုးသမီးများအရေးကိုလည်း အလေးပေး ဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ သက်တမ်း ၃ နှစ်ခွဲအတွင်း အကြမ်းဖက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်တန်းချက်များ အလွန်ပင် နည်းပါးသေးသော်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်တန်းလာသော အမှုများအတွက် တတ်နိုင်သမျှ ကူညီပေးနေကြောင်းလည်း သိရသည်။
“လုပ်ငန်းခွင်မှာလည်း ခွဲခြားဆက်ဆံ ခံရတယ်ဆိုတဲ့ အမှုထက် Harassment တွေ လုပ်တာတွေ တခု၊ နှစ်ခု လာတိုင်တယ်။ အဲဒီအခါ သက်ဆိုင်ရာ ဌာနကို စာပို့တယ်။ သူတို့ တလအတွင်းမှာ စာပြန်ရမယ်။ အဲဒီလိုဆို သူတို့ အရေးယူရမယ့် အပိုင်းရောက်ရင် သူတို့လုပ်ရမယ်။ ဖွက်ထားလို့ မရဘူး။ သူတို့ MNHRC ကို အကြောင်းပြန်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့” ဟု ဒေါက်တာ ဒေါ်သန်းနွယ်က ဆိုသည်။