ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုများကို ပါတီတွင်း ညှိနှိုင်းမှု မရှိဘဲ ရန်ကုန်မြို့တွင် သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ခဲ့သည့် ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်(CEC) ၆ ဦးကို ပါတီ၏ စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်သည် ဟုဆိုကာ မတ်လ ၁၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ပါတီဗဟိုဌာနချုပ်သို့ ခေါ်ယူစစ်ဆေးမည် ဖြစ်ကြောင်း ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။
ANP အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က“ပါတီတွင်း ရှင်းရမယ့် ကိစ္စကို ပါတီတွင်းမှာ မရှင်းဘဲ ဒီလူတွေက သီခြား ပုံစံမျိုး လုပ် ဆောင်သွားတဲ့အတွက် ပါတီရဲ့ ဂုဏ်သိက္ခာ ကျဆင်းသလို ရခိုင်ပြည်သူတွေမှာ အားလုံး ဝေဖန်ခံနေရတယ်။ အဲဒါကြောင့် ခေါ်ယူ စစ်ဆေးဖို့ အခြေအနေကို ရောက်သွားတာပါ”ဟု ပြောသည်။
ANP ပါတီက ထုတ်ပြန်ခဲ့သည့် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေငြာချက် ၂ စောင်ကို တရားမဝင်ကြောင်း မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သူ ပါတီ CEC ၆ ဦးမှာ ယခင် ဦးအေးသာအောင် ခေါင်းဆောင်သည့် ရခိုင် ဒီမိုက ရေစီ အဖွဲ့ချုပ်(ALD)ဘက်ခြမ်းမှ ခေါင်းဆောင်များ ဖြစ်သည်။
ANP သည် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် ၁၉၉၀ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)တို့ကို ၂၀၁၄ ခုနှစ်တွင် ပေါင်းစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ RNDP ကို ဦးဆောင်သူ ဒေါက်တာအေးမောင်မှာ အငြိမ်းစား အစိုးရဝန်ထမ်း၊ ခေတ်ပညာတတ်တဦး ဖြစ်၍ ALD ကို ဦးဆောင်သူ ဦးအေးသာအောင်မှာ ဝါရင့် နိုင်ငံရေးသမားကြီးတဦး ဖြစ်သည်။
ANP ပါတီအနေဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၁/၂၀၁၆ တွင် ပြည်နယ် ဝန်ကြီးချုပ်ကို ANP ပါတီဝင် ကိုယ်စားလှယ်အား ခန့် အပ်ခြင်း မရှိပါက မည်သည့် အစိုးရအဖွဲ့တွင်မှ ပါဝင်ခြင်း မပြုဘဲ အတိုက်အခံအဖြစ် ရပ်တည်မည် ဖြစ်ကြောင်းနှင့် ကြေညာချက် ၂/၂၀၁၆ တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် မဟာမိတ် ဆက်ဆံရေးကို ရပ်ဆိုင်းရန် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်များသည် ANP ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ အစိုးရအဖွဲ့များတွင် ပါဝင်ခွင့်ကို ပိတ်ပင်ရာရောက်ပြီး အ မျိုးသား ရင်ကြားစေ့ရေးကို ပြိုကွဲစေနိုင်ကြောင်း၊ UNA နှင့် မိတ်ဘက်ဆက်ဆံရေး ရပ်ဆိုင်းခြင်းမှာလည်း တဖက်သတ် ဆုံးဖြတ်ချက် သာ ဖြစ်ပြီး မူလ ၂ ပါတီ ပူးပေါင်စဉ်က သဘောတူညီချက်ကို ဖောက်ဖျက်ခြင်း ဖြစ်သဖြင့် လက်မခံနိုင်ခြင်း ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပါဝင်ခဲ့သူ ဦးမျိုးကျော်က ပြောသည်။
စစ်ဆေးခံရမည့်သူ ၆ ဦးတွင် ပါဝင်သူတဦးဖြစ်သည့် ဦးမျိုးကျော်က“ကျနော်တို့ဆီကို အဲဒီလို ခေါ်စစ်မယ်ဆိုတာ အကြောင်းစာလည်း မ ရောက်ဘူး။ မီဒီယာတွေမေးမှပဲ ကျနော်တို့ သိတာပဲ ရှိပါသေးတယ်။ ခေါ်ရင်လည်း ကျနော်တို့ လိုက်နာချင်မှ လိုက်နာမယ်။ စည်းကမ်း တကျ မဟုတ်ရင် ကျနော်တို့ လိုက်နာမှာ မဟုတ်ဘူး။ အခုသိရတာက RNDP ကနေ ALD ကို စစ်ဆေးသလို ဖြစ်နေတယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သဖြင့် စုံစမ်းစစ်ဆေးခံမည့်သူ ၆ ဦးမှာ ယခင် ALD ပါတီတွင် ပါဝင်ခဲ့သည့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်းနှင့် ဦးသန်းနိုင်မြင့်ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၆ ဦး စလုံးသည် ANP ပါတီ၏ ထုတ်ပြန်ကြေညာချက် ၂ ခုကို တရားမဝင်ကြောင်း ကြေညာခဲ့သည့်အတွက် စစ်ဆေးခံရခြင်း ဖြစ် ကြောင်း၊ ထိုသို့ စစ်ဆေးရန် ပါတီ၏ ဥက္ကဌအဖွဲ့နှင့် အတွင်းရေးမှူး အဖွဲ့တို့က မတ်လ ၇ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း ANP ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
၎င်းတို့ ၆ ဦးကို ပါတီ၏ စည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ANP က ဖွဲ့စည်းလိုက်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဖိုးမင်း၊ အဖွဲ့ဝင်များအဖြစ် ဒေါ်အေးနုစိန်၊ ဦးဖေသန်း၊ ဦးတင်ညိုနှင့် ဦးမောင်မောင်တို့ ပါဝင်ကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူများမှာ ယခင် RNDP အဖွဲ့မှ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ANP ပါတီ လက်အောင်တွင် ဦးအေးသာအောင် ဦးဆောင်သည့် ပါတီဝင်များနှင့် ဒေါက်တာ အေးမောင် ခေါင်းဆောင်သည့် ပါတီဝင်များကြား သဘောထားကွဲလွဲနေကြခြင်းမှာ ဦးအေးသာအောင်သည် NLD က တာဝန်ပေးသည့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ ရာထူး လက်ခံခဲ့ခြင်း၊ ပါတီ ဗဟိုက UNA နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲရန် ကြေညာထားသော်လည်း ဦးအေးသာအောင် ဘက်ခြမ်းမှ CEC တချို့က လက်မခံကြောင်း ပြောဆိုခဲ့ခြင်းတို့မှာ ပါတီတွင်း အက်ကြောင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်သည်။
ANP သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ကိုယ်စားလှယ် နေရာအများဆုံး အနိုင်ရရှိထားသည့် ပါတီတခု ဖြစ်သည်။