ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၇) ရုံးက ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိ၍ဟု ဆိုကာ အသိပေးစာ ထုတ်ပြန်ပြီး ရပ်ဆိုင်းခိုင်းထားသော ရန်ကုန်မြို့တွင်း စီမံကိန်း ၅ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုချက်ပေးကြောင်း သိရသည်။
ယင်း စီမံကိန်းများသည် လိုအပ်သော ထောက်ခံချက်များ ပြည့်စုံသည့်အတွက် ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြောဆိုသည်။
“ကျမတို့အနေနဲ့ လိုအပ်တဲ့ ထောက်ခံချက်အားလုံး ပြည့်စုံမှ ခွင့်ပြုပေးခဲ့တာပါ။ အဲဒီစီမံကိန်းတွေတုန်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်မှတ်လည်း ပါတယ်။ ကျမတို့အနေနဲ့ ထပ်ပြီးတော့ အဲဒါလာတင်တုန်းက စည်ပင်သာ ယာ ရေး ကော်မတီက ကိုယ်စားပြု၊ မပြုမေးတော့ ဦးမြင့်ဆွေ ထိုးထားတဲ့ လက်မှတ်နဲ့စည်ပင်က ခွင့်ပြုချက်လည်း ပါပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၇) ရုံးက ဒဂုံစီးတီးအပါအဝင် ရန်ကုန်မြို့တွင်း စီမံကိန်း ၅ ခုကို ဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် စီမံကိန်းများကို ရပ်ဆိုင်းရန် အသိပေးစာတစောင်ကို မတ်လ ၄ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ပုဒ်မ ၁၂၉ ပြဌာန်းချက်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် မြို့ပြတည်ဆောက်ခြင်း၊ ဟိုတယ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီနှင့် အစိုးရဌာနတို့၏ ခွင့်ပြုချက် ရရှိမှသာလျှင် ကော်မရှင်သို့ တင်ပြဆောင်ရွက်ရမည်ဟု ဖော်ပြထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ရယူထားခြင်း မရှိဘဲ ဆောက်လုပ်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၇) ရုံးမှ ဦးခင်လှိုင်က“ကော်မတီ အစည်းအဝေးမှာ ကျနော်ကိုယ်တိုင် မေးမြန်း ထားတယ်။ ဒီစီမံကိန်းတွေ ဆောင်ရွက်တာ စည်ပင်ခွင့်ပြုချက် မယူထားဘူးလို့ မြို့တော်ဝန်ကလည်း ပြန်ဖြေထားပါတယ်။ ကျနော် တို့ စည်ပင်အနေနဲ့ တရားဝင် ပြောနိုင်တာကတော့ စည်ပင်က ခွင့်ပြုချက် မထုတ်ပေးထားပါဘူး”ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် စီမံကိန်းများကို လုပ်ဆောင်မည့် ကုမ္ပဏီများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ပုဒ်မ ၁၂၉ ပြဌာန်းချက်ပါအတိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ ခွင့်ပြုချက် ရယူ ရန် ယနေ့အထိ လျှောက်ထားခြင်း၊ ကော်မတီဝင်များ အစည်းအဝေးတွင် တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခွင့်ပြုချက်ပေးခြင်း လုံးဝမရှိဟု ဖော်ပြထားသည်။
ထို့အပြင် ထိုစီမံကိန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တင်ပြ ဆောင်ရွက် ဆွေးနွေးထားခြင်း မရှိကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှ စီမံကိန်းများ အဆောတလျင် ချထားပေးခြင်းကိစ္စကို ရပ်ဆိုင်းထားရန် အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့အတွက်ကြောင့် ထိုစီမံကိန်းအားလုံးသည် တည်ဆဲဥပဒေများနှင့် မညီသဖြင့် လုပ်ငန်းဆောင်ရွက်ခွင့် အလိုအလျောက် ပျယ်ပြယ် ကြောင်းကို စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီများ သိရှိစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတိပေးထုတ်ပြန်ခြင်းဖြစ်သည်ဟု ဦးခင်လှိုင်က ပြောသည်။
“စည်ပင်ရဲ့ သတ်မှတ်ထားချက်တွေအတိုင်း ခွင့်ပြုမိန့် မယူခဲ့ပါဘူး။ စည်ပင်ခွင့်ပြုချက် မရှိတဲ့အတွက် အဲဒီနေရာမှာ အဆောက်အအုံ ဆောက်ခွင့်တောင် မရှိပါဘူး။ အသိပေးတဲ့အတိုင်း မလိုက်နာဘူးဆိုရင်တော့ စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်း ဖယ်ရှားရှင်းလင်းတဲ့အထိ လုပ်ဆောင်သွားလို့ ရပါတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။
ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည့် စီမံကိန်း ၅ ခုမှာ Marga Landmark Development ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည့် ရန်ကင်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနပိုင်မြေ နေရာ (၁၇.၀၇) ဧကတွင် အကောင်အထည်ဖော်မည့် ဒဂုံစီးတီး စီမံကိန်း၊ ဦးအိုက်ထွန်းပိုင် ရွှေတောင် ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည့် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ၃ ဧကခွဲ (မြန်မာ့ မီးရထားရုံးချုပ်ဟောင်း) မြေနေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းတို့ ပါဝင်သည်။
ထို့အပြင် Adventure Myanmar နှင့် သုခရတနာ ကုမ္ပဏီ ၂ ခုတို့ လုပ်ကိုင်ခွင့် ရရှိထားသည့် လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရုံး အနီးရှိ ယခင်ကုန်သွယ်ရေး ဌာနပိုင် ဂိုဒေါင်ရုံးဟောင်း နေရာတွင် ကုမ္ပဏီတခုလျှင် ၄.၅ ဧကနှုန်းဖြင့် ၉ ဧကတွင် အကောင်အထည်ဖော် တည်ဆောက်မည့် စီမံကိန်း ၂ ခု၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် IBTC ကုမ္ပဏီ လုပ်ငန်းရှင် ဦးအောင်ကျော်မိုးတို့ ပူးပေါင်းဆောင်ရွက်မည့် ဗိုလ်ချုပ်လမ်း ထောင့်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေနေရာ ၄.၄ ဧကတွင် အကောင်အထည်ဖော်မည့် Andaman Alliance Healthcare စီမံကိန်းတို့ ဖြစ်ကြောင်း သိရ သည်။