Women

စစ်ဘေးသင့် ဒေသရှိ အမျိုးသမီးများ အကာအကွယ်မဲ့ပြီး ဒုက္ခဆင်းရဲ ကြုံနေရဆဲ

This article has been converted from Zawgyi One to Unicode

ပြည်တွင်းစစ် ချုပ်ငြိမ်းရေး မလုပ်ဆောင်နိုင်ခြင်းကြောင့် စစ်ပွဲများဖြစ်ပွားရာ ဒေသအတွင်းရှိ အမျိုးသမီးများ အကာအကွယ်မဲ့ပြီး ဒုက္ခဆင်းရဲကြုံတွေ့နေရဆဲ ဖြစ်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WLB ၏ ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၈ ရက်၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်ပွဲနှင့် ပဋိပက္ခများအတွင်း တိုင်းရင်းသူ အမျိုးသမီးများအား မုဒိန်းပြုကျင့်မှု၊ ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခဲ့ကြသည့် စစ်တပ်မှ တာဝန်ရှိသူများ၊ ရဲဘော်များအား ထိရောက်သည့် အပြစ်ပေး အရေးယူမှုများလည်း မရှိသေးကြောင်း WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လောလောဆယ်လည်း စစ်ဖြစ်နေတော့ ကျမတို့ အမျိုးသမီးနဲ့ ကလေးတွေက ဒုက္ခပိုရောက်ကြတယ်။ စစ်ရဲ့ ဒဏ်ကိုလည်း ခံရတယ်။ နောက်တခုက အမျိုးသမီးတွေက ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ပိုပြီး လုံခြုံမှုမရှိတော့ ပိုပြီး ခံကြရတယ်” ဟု WLB ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး မယ်စိုးစိုးနွယ်က ဧရာဝတီကို ပြောသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် သက်ငယ်မုဒိမ်းမှုများ ပိုမိုဖြစ်ပေါ်နေပြီး မြန်မာပြည် အနှံ့အပြားတွင် တွေ့နေရသည်ဟု WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် စစ်ပွဲဖြစ်ပွားရာဒေသရှိ အမျိုးသမီးများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် တချို့မှာ နယ်စပ်ဒေသများသို့ ရောက်ရှိနေကြပြီး တချို့ သည် တောထဲတွင် နေထိုင်နေရကြောင်း၊ ထိုအမျိုးသမီးများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး အခက်အခဲများ ကြုံတွေ့နေကြရကြောင်း မယ်စိုးစိုးနွယ်က ဆိုသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံစနစ်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အလွန်နိမ့်ကျ နေသေးခြင်းကြောင့် အမျိုးသမီးများ၏ ဘဝသည် စားဝတ်နေရေး မဖူလုံခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုများ ခံစားနေရခြင်က ပိုဆိုးရွာလာနေသည်ဟုလည်း WLB က သုံးသပ်ထားသည်။

လတ်တလော ဖြစ်ပျက်နေသော သက်ငယ်မုဒိမ်း ပြုကျင့်ခံရမှုများ အပါအဝင် တခြားသော နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခွဲခြားဖိနှိပ်မှုများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် အစိုးရ၊ လွှတ်တော်၊ အဖွဲ့အစည်း အသီးသီးက မျက်ကွယ်ပြုနေသည်ကို တွေ့မြင်ရသည်ဟု WLB ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် “ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်”မှ ပြောရေးဆိုခွင့်ရှိသူ မမေစံပယ်ဖြူက “ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ လုပ်နေတယ်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေးဖို့ အတွက်လည်း စီစဉ်နေတာတွေ ရှိတယ်။ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ကတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိဖို့အတွက် အစဉ်တစိုက်လည်း တောင်းဆိုခဲ့တယ်။ ဆက်ပြီးတော့လည်း တောင်းဆိုသွားဦးမှာပဲ။ နိုင်ငံရဲ့ အမျိုးသမီးတွေ၊ ပြည်တွင်းစစ် ပဋိပက္ခရဲ့ အဆိုးဆုံးကို တိုက်ရိုက်ခံရသူဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒတွေမပါဘဲ ပြည်တွင်းစစ် ရပ်စဲဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ကျမတို့ ယုံကြည်တယ်” ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ အထည်စက်ရုံမှ အမျိုးသမီး ၁ သောင်းခွဲက အလုပ်ချိန် လျှော့ချပေးရန်၊ လုပ်ခလစာ တိုးမြှင့်ပေးရန်နှင့် မဲပေးပိုင်ခွင့် ရရှိရန်တို့အတွက် ချီတက်တိုက်ပွဲ ဝင်ခဲ့ကြရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

၁၉၁၀ ပြည့်နှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ကျင်းပခဲ့ကာ ဂျာမနီနိုင်ငံ၊ Social Democratic Party မှ Mrs. Clara Zetkin ဦးဆောင်မှုဖြင့် မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝန်းရှိ အမျိုးသမီးများအရေး ပိုမိုကျယ်ပြန့်စွာ လှုပ်ရှားဆောင်ရွက်လာခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၁၀၅ ကြိမ်မြောက်သို့ ရောက်ရှိပြီး ဖြစ်ကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ် မှစတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

Loading