ရပ်တန့်ထားရသည့် မြစ်ဆုံဆည်စီမံကိန်းအရေးနဲ့ ပတ်သက်ပြီး လာမည့် မြန်မာအစိုးရသစ်လက်ထက် မှာ ဖြေရှင်းနိုင်မယ်လို့ တရုတ်အစိုးရအနေနဲ့ စိတ်ချယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မနေ့က ပြုလုပ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်ပတ်လည်ညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တယ်လို့ Reuters သတင်းကဆိုပါတယ်။
“မြစ်ဆုံဆည်ဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တယ်၊ အတည်ပြုချက်တွေလည်း ရထားပြီဖြစ်တယ်၊ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်အခဲတွေ ကြုံနေရတဲ့အတွက် နစ်နာနေပါတယ်။ ဒီကိစ္စကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမှာပါ၊ အနာဂတ် တရုတ်- မြန်မာဆက်ဆံရေး အပြန်အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုလို့ ကျနော်တို့ ယုံကြည်ပါတယ်”လို့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန်ဘိုးရှိ တရုတ်- မြန်မာပူးပေါင်းဆောင်ရွက်မယ့် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရက ပြည်သူတွေကန့်ကွက်တာကြောင့် ခေတ္တရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှုကနေ ထွက်ရှိမယ့် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ကို တင်ပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အစိုးရလက်ထက်မှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အတွက် လက်ရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်းမှာ လူထု ကန့်ကွက်မှုများနဲ့ ရင်ဆိုင်နေရသလို၊ ရခိုင်ပြည်နယ် ထွက်တဲ့ ဓာတ်ငွေ့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုလည်း တရုတ်တို့က ရယူထားပြီးဖြစ်ပါတယ်။