သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ၇ ရက်က စိတ်ကြွ ရူးသွပ်ဆေးပြား ၄သိန်း ၅သောင်း အား သယ်ဆောင်လာသည့်ယာဉ်တစ်စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း အစိုးရသတင်းတွင်ဖော်ပြထားသည်။
ဖြစ်စဉ်မှာ သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမ်းမြို့နယ် မူးယစ်တပ်ဖွဲ့မှ ရဲအုပ်သက်နိုင်အဖွဲ့၊ မအီမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တောင်ကုတ်မှ မအီသို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ် (၃၂)ရပ်ကွက်နေ ဦးသိန်းကျော် (ယခင်အမ်းမြို့ နယ် တလိုင်းတောင်ကျေးရွာဇာတိ) မောင်းနှင်လာသော YGN-2L/—- (ဟွန်ဒိုင်း)အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအံဝှက်အတွင်းမှ အဝါရောင်အထုပ် ၄၅ ထုပ်အား တွေ့ရှိ သဖြင့် ဖွင့်ဖောက် စစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၅ဝဝဝဝ အား သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်း ဦးသိန်းကျော် မှာ ထွက်ပြေး တိမ်းရှောင် သွားသဖြင့် ယာဉ်ပေါ်ပါ ဦးသိန်း ကျော်၏ဇနီးဖြစ်သူ ဒေါ်သန္တာဦး(၄၅)နှစ်အား ထိန်းသိမ်း ထားပြီး စခန်းမှူးရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့က ဦးသိန်းကျော်အား လိုက်လံဖမ်းဆီးခဲ့ရာ ည ၇ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်အထူး တပ်ဖွဲ့မှ ရဲအုပ်သက်နိုင်က တရား လိုပြုလုပ်၍ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။