မတ်လ ၁၀ ရက်နေ့ စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် NLD က တင်မြှောက်မည့် သမ္မတ၊ ဒုသမ္မတ များနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ခေါ်ယူမှု ရှိနိုင်၍ NLD လွှတ်တော်ကိုယ်စားလှယ်များအားလုံး ခရီးမသွားကြရန်နှင့် ခွင့်မတိုင်ကြရန် ပါတီက တရားဝင် ညွှန်ကြားထားပြီး ဒုတိယသမ္မတ အမည်စာရင်းများကို ယနေ့ညပိုင်းတွင် တရားဝင် အသိပေးဖွယ်ရှိကြောင်း သိရှိရသည်။
“ကျနော်တို့ ဘယ်မှကို မသွားဖို့ လိုအပ်ရင် အရေးပေါ် အစည်းအဝေး ခေါ်တာ တွေရှိမယ်လို့ ကြိုပြောထားတယ်။ ခွင့်လည်း လုံး၀ ယူလို့မရဘူး။ အသင့်အနေအထားပေါ့။ သမ္မတ ရွေးမယ့် ကိစ္စအတွက်ပါပဲ။ မတ်လ ၁၀ ရက် နေ့နောက်ပိုင်း လွှတ်တော်အစည်းအဝေးတွေကို လုံး၀ လုံး၀ ပျက်ကွက်လို့မရဘူးလို့လည်း ပြောထားတယ်” လို့ NLD အမတ်တဦးက ပြောပါတယ်။
မတ်လ ၉ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ လွှတ်တော်အစည်းအဝေးတွေကိုလည်း ယာယီရွှေ့ဆိုင်းထားပြီး မတ်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်တယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
မတ်လ ၈ ရက်နေ့မှာ သမ္မတရွေးချယ်ရမယ့် ပုံစံတွေနဲ့ မဲလက်မှတ်တွေကို လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပေးအပ်လိုက်ပြီး မဲပေးရာမှာ အမှားအယွင်း မဖြစ်စေဖို့နဲ့ ပယ်မဲ မဖြစ်စေဖို့ သေသေချာချာ ပါတီက မှာကြား ထား တယ်လို့ လည်း သိရပါတယ်။
NLD လွှတ်တော် ကိုယ်စားလှယ် တဦးက ဒီနေ့ညမှာ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်က တင်သွင်းမယ့် ဒုတိယသမ္မတ အမည်ကို အသိပေးဖို့ ရှိတယ်လို့ သိထား ကြောင်း ဧရာဝတီသတင်းဌာနကို ပြောဆိုပါတယ်။
“ဒီညတော့ ဒုသမ္မတ အမည်စာရင်းတွေ အသိပေးဖို့ရှိမယ်လို့ကြားထားတယ်။ အသိမပေးရင်လည်း မနက်ဖြန် အမတ်တွေ ဘယ်လိုလုပ်ပြီး မဲပေးမလဲ။ လောလောဆယ်တော့ ဒုသမ္မတတွေ ဘယ်သူဆိုတာ မသိရသေးဘူး” လို့ ၎င်း က ဆိုပါတယ်။
ဧရာဝတီက နောက်ဆုံးသိရှိထားတဲ့ သတင်းတွေအရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမျိုးအောင်က ပြည်သူ့ လွှတ်တော်က ဒုတိယသမ္မတ အဖြစ် ရေပန်းစားနေပြီး NLD လွှတ်တော်အမတ် အများစုကလည်း ဒေါက်တာ မျိုးအောင်ကိုပဲ ပြည်သူ့ လွှတ်တော်က တင်မြှောက်မယ့် ဒု သမ္မတနဲ့ သမ္မတလောင်းအဖြစ် ခန့်မှန်းနေကြကြောင်း သိရ ပါတယ်။