အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရွေးချယ်တင်မြှောက်မယ့် သမ္မတ ဘယ်သူဖြစ်မလဲဆိုတာကို တပ်မတော်ဘက် က စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ တပ်မတော် အသိုင်းအဝိုင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
NLD ဘက်က တင်မယ့် သမ္မတနာမည်နဲ့ပတ်သက်လို့ ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေပေမယ့်လည်း တိကျခိုင်မာမှု မရှိသေး ပါဘူး။ တပ်မတော်လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှာတာ့ NLD တင်မယ့် သမ္မတဟာ ဒေါက်တာမျိုးအောင် ဖြစ်ဖို့များ တယ်လို့ ပြောဆိုနေကြပါတယ်။
လွှတ်တော် ပြင်ပမှာတော့ NLD တင်မယ့် သမ္မတဟာ ဦးထင်ကျော်၊ ဦးတင်ဦးတို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်း ထွက်နေပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေနဲ့ပတ်သက်လို့ အတည်ပြုချက်ယူလို့မရသေးပါဘူး။
ဒေါက်တာမျိုးအောင် ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်မှာ ရန်ကုန်တိုင်း NLD ပါတီရဲ့ တွဲဘက် အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်ဖြစ်ပါတယ်။
သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့တဲ့ လက်ရှိအစိုးရနဲ့ NLD တို့အကြားမှာလည်း နိုင်ငံတော်အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့ တာဝန်တွေကို စနစ်တကျ လွှဲပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကလည်း အကျေ အလည်ညှိနှိုင်းနေကြရဆဲဖြစ်တယ်လို့ သိရပါ တယ်။
ညှိနှိုင်းတဲ့ အခါမှာလည်း အခန်းအနားကျင်းပမယ့်နေရာ၊ အစားအသောက်၊ အခမ်းအနားကို ဘယ်လိုဝတ်စုံနဲ့ တက်ကြမယ် စတဲ့ အသေးစိတ်ကိစ္စတွေက အစ အသေအချာ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဏာလွှဲပြောင်းရေး ကိစ္စက ချောမွေ့ သွားမယ်လို့ နှစ်ဖက်လုံးက မျှော်လင့်နေကြပါတယ်။
တပ်မတော်ကတော့ သူတို့တင်မယ့် ဒုသမ္မတလောင်းကို မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ကြေညာမယ်လို့ ဆိုပါ တယ်။
တပ်မတော်ကတင်မယ့် ဒုသမ္မတ ကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်လာဖွယ်ရှိတယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှု တွေလည်း ရှိနေပါတယ်။ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း လစ်လပ်သွားတဲ့ ဒုသမ္မတ နေရာမှာ နေရာပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်ခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ကျန်ရစ်ခဲ့ပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုသမ္မတ တဦးစီ ရွေးချယ်ပြီး အမည်စာရင်း တင်သွင်းရမှာဖြစ်ပါတယ်။
တပ်မတော်ဘက်က အတည်ပြုချက်တွေ ထုတ်ပြန်တာမရှိသေးပေမယ့် ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ အဖြစ် ဒုတိယ ဗိုလ်ချုပ် ကြီး စိန်ဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ကို ခန့်အပ်ဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။