တပ်မတော်ဘက်က စာရင်းတင်သွင်းမယ့် ဒုတိယ သမ္မတဟာ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်နိုင်ခြေရှိတယ်လို့ သတင်းတွေ စတင်ထွက်ပေါ်ပြီးနောက် ဝေဖန်သုံးသပ်မှုတွေ၊ တပ်မတော်ဘက်က ပုဂ္ဂိုလ်တချို့ရဲ့ စိုးရိမ်မှုတွေ ရှိလာကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့် တဦးဖြစ်ခဲ့ပြီး၊ သဘောထား တင်းမာသူ၊ လာဘ်စားမှုများနှင့် ပတ်သက်သူ၊ ခရိုနီများနှင့်တွဲ၍ လုပ်ပိုင်ခွင့်များကို အသုံးချသူအဖြစ် ဝေဖန်ခံရတဲ့ ဦးမြင့်ဆွေဟာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားချိန်မှာ ဒု သမ္မတအဖြစ် စာရင်းသွင်းတဲ့ အချိန်တုန်းကလည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။
ဦးမြင့်ဆွေနဲ့ ပတ်သက်လို့ မကြာသေးမီက ဂယက်အရိုက်ဆုံး ဖြစ်သွားခဲ့တဲ့ ကိစ္စကတော့ ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်ခဲ့တဲ့ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် စီမံကိန်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ နီးစပ်တဲ့ ရှောက်ပန်းနဲ့ ရှောက်စန်း တရုတ်လူမျိုးနှစ်ဦးပိုင် ကုမ္ပဏီကို စီမံကိန်းကြီးအား လက်သိပ်ထိုး ချပေးလိုက်တဲ့ ကိစ္စဖြစ်ပြီး မီဒီယာတွေရဲ့ ဖော်ထုတ်ရေးသားမှု၊ အကြီးအကျယ် ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားလိုက်ရတဲ့ အဆင့် ရောက်သွားပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာပဲ တဖက်လှည့်နဲ့ ကုမ္ပဏီ ၃ ခုကို ကန်ထရိုက် ချထားပေးပြန်ကြောင်း ဧရာဝတီက ဖော်ထုတ်ရေးသားခဲ့ပါတယ်။
ရွှေတိဂုံစေတီတော် အနီး တည်ဆောက်မယ့် ဒဂုံစီးတီး စီမံကိန်း ကိစ္စမှာလည်း ဦးမြင့်ဆွေကို ဝေဖန်မှုတွေ ရှိခဲ့ပြီး ရဟန်ရှင်လူ ပြည်သူတွေကပါ အုံကြွ ကန့်ကွက်ခဲ့လို့ နောက်ဆုံးမှာ ရပ်ဆိုင်းလိုက်ရပြန်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တဦးလည်း ဖြစ်တဲ့ ဦးမြင့်ဆွေ ဟာ ယမန်နှစ်၊ မတ်လက မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေကို လူမိုက်ဆန်ဆန် အရပ်သားတွေက တာဝန်ဆိုတဲ့ အနီရောင်လက်ပတ်တွေ တပ်ဆင်ပေးပြီး ဖြိုခွင်းခိုင်းတာကို ဥပဒေနဲ့ အညီ လုပ်တာ ဖြစ်တယ် လို့ ပြောခဲ့ဖူးတဲ့အတွက် တာဝန်မဲ့စွာ ပြောဆိုတယ်ဆိုပြီး ဝေဖန်ခံခဲ့ရဖူးပါတယ်။
ယခင်စစ်အစိုးရဟာ ပြည်သူများအတွက် အရှုံးခံ၊ အနစ်နာခံ ဆောင်ရွက်ပေးခဲ့သဖြင့် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိ ခဲ့ရကြောင်း ပြောဆိုခဲ့သူ၊ ရွှေဝါရောင် တော်လှန်ရေး နှိမ်နင်းမှုဟာ တာဝန်အရ ဆောင်ရွက်တာဖြစ်ပြီး မှားယွင်းတယ်လို့ တင်ပြလာပါက ြကိုးပေးလျှင် ခံနိုင်တယ် လို့လည်း ဦးမြင့်ဆွေက ပြောဆိုခဲ့ဖူးပါတယ်။
DSA အပတ်စဉ် ၁၅ ကဆင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ နာမည်ကြီး တပ်မ (၁၁) မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ရန်ကုန်ရဲ့ လုံခြုံရေးကို အဓိကတာဝန်ယူရတဲ့ ကြီးမားတဲ့ တာဝန်တွေကို ပေးအပ်ခြင်း ခံရသူဖြစ်ပါတယ်။
ကစထ (၅) ရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ၂၀၀၄ မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ထောက်လှမ်းရေးအဖွဲ့ကို တပ်မတော် (ကြည်း) က ရှင်းထုတ်တဲ့ Operation ကို ကိုင်တွယ်ရသူ ဖြစ်ခဲ့သလို ၂၀၀၇ ရွှေဝါရောင် သံဃာအရေး လှုပ်ရှားမှာလည်း သူကိုယ်တိုင် အဓိကရုဏ်း ဖြိုခွင်းရေးဖက်ကနေ ဦးစီးတာဝန်ယူရသူ ဖြစ်ပါတယ်။