ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ အယူခံဝင်မည့်ရက်အား နောက်ထပ် အချိန် တလ ထပ်မံတိုးပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ အယူခံဝင်မည့် ရက်ကို မတ်လ ၂၄ ရက်နေ့ သတ်မှတ်ထားသော်လည်း ခိုင်မာသည့် သက်သေ အထောက်များ ပိုမိုပြည့်ပြည့် စုံစုံရရှိနိုင်ရန် အတွက် တလထပ်မံတောင်းဆိုမည် ဖြစ်ကြောင်း၊ အကယ်၍ ထပ်မံ တိုးမပေးပါကလည်း မူလ သတ်မှတ်ထားသည့် အတိုင်း မတ်လ ၂၄ ရက်တွင် အယူခံဝင်သွားမည် ဖြစ်ကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီ ကို ပြောသည်။
လိပ်ကျွန်းအမှု အယူခံဝင်နိုင်ရေးနှင့်ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ဥပဒေ ပညာရှင်များ၊ အမှုအားကူ ညီဆောင်ရွက် ပေးနေ သူများသည် ဘန်ကောက်မြို့၌ အစည်းအဝေး တခုကို ယနေ့ လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ပေးပို့ထားသည့် အထောက် အထား များ၊ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ လေ့လာ တွေ့ရှိထားသည့် အထောက်အထား၊ အချက်အလက်များအား ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေး၌ အယူခံ တလ ထပ်တိုးပေးရေး တောင်းဆိုရန်နှင့်အကယ်၍ ရက်တိုးမပေးပါက မတ် လ ၂၄ ရက်နေ့တွင် အယူခံ ဝင်ရန်အတွက် ဆုံးဖြတ်ခဲ့ ကြကြောင်း၊ အယူခံ ထပ်တိုးပေးရန် တောင်းဆိုမှုကို မတ်လ ၂၄ ရက် မတိုင်မီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအောင်မျိုးသန့် က ပြောသည်။
လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် ဘန်ကောက်မြို့ နွန်ထ ဘူရီ ခရိုင် ရှိ Bangkwang အကျဉ်းထောင်တွင် ရှိနေပြီး ကျန်းမာရေး အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ကောင်းလည်း သိရသည်။
လိပ်ကျွန်းတွင် ဗြိတိသျှ နိုင်ငံသား နှစ်ဦး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး ၎င်းတို့အား ထိုင်းတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့သည်။