Human Rights

ရက္ခိုင့်တပ်မတော် နှင့်ဆက်သွယ်သည်ဟုဆိုကာ ရခိုင် ၇ ဦး ထပ်မံ ဖမ်းဆီးအမှုဖွင့်ခံရ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲစခန်းက  ရက္ခိုင့်တပ်မတော်(AA)ဖြင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ-၁၇(၁)၊ ၁၇(၂) တို့ ဖြင့် လူပုဂ္ဂိုလ် ၇ ဦးကို မတ်လ ၇ ရက်နေ့က ထပ်မံအမှုဖွင့်ကာ အရေးယူထားကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ဧရာဝတီသို့ ပြောသည်။

အမှုဖွင့်ခံရသူ ၇ ဦးမှာ ကိုထွန်းဝင်း၊ ကိုမင်းမင်းထွန်း၊ ကိုဝင်းမြင့်၊ ကိုဇော်လှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုသန်းဝင်းနှင့် ကိုတင်ရွှေ ဆိုသူတို့ဖြစ်ကြြ့ပီး ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော် မြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သတင်းရရှိသည်။

ရဲမှူးခင်မောင်က “မနေ့က ၇ ယောက်ထပ်ရောက်လာတယ်။ အားလုံး မတရားအသင်း ဆက်သွယ်မှုဥပဒေ နဲ့ပဲ။ မနေ့ကတော့ ရုံးထုတ်ပြီး ရမန်ယူထားတယ်”ဟု ပြောသည်။

ထပ်မံအမှုဖွင့်ခံရသူများမှာ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ရခိုင်ပြည်နယ်အခြေစိုက် တပ်မတော် တပ်ရင်း တခု၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး AAတပ်အတွင်း ၁ လခန့် နေထိုင်ခဲ့ရကြောင်း ၎င်းတို့နှင့် သွားရောက် တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးသည့် ကိုဇော်ဝင်းက ဧရာဝတီသို့ပြောသည်။

ကိုဇော်ဝင်းက “ဒီကို ၈ ဦးရောက်လာတာမှာ ၁ ယောက်ကိုတော့ ပြန်ခေါ်သွားတယ်။ ရောက်လာတဲ့သူတွေ ပြောပြချက်အရတော့ တပ်ထဲမှာ ကျန်ခဲ့တဲ့သူတွေအများကြီး ရှိသေးတယ်ပြောတယ်။ ဘယ်လောက်ကျန်လဲ ဆိုတာတော့ အတိအကျမသိနိုင်ဘူး” ဟု ပြောသည်။

လက်ရှိ ကျောက်တော်မြို့နယ်တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် တရားစွဲဆိုခံထားရသူ ၃၇ ဦးအထိ ရှိနေပြီး မတ်လ ၁၁ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသူ ၁၂ ဦးကို ကျောက်တော်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တရားရုံးက AA ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် တရားစွဲဆိုထားသူ ၄ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ် ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်  AA နှင့် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ဖြင့် တရားစွဲဆိုခြင်းခံရသူ ဦးရေ ၄၀ ကျော်ရှိပြီး ၎င်းတို့ကို ကျောက်တော်တရား ရုံးနှင့် စစ်တွေတရားရုံးတို့တွင် ဆက်လက်စစ်ဆေးလျက် ရှိသည်။

အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင်  ၂၀၁၅ ခုနှစ် မတ်လမှ စတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်တွေ၊ ဘူးသီးတောင်၊ တောင်ကုတ်၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်များမှ ဒေသခံအချို့ မတရားအသင်း  ဆက်သွယ်မှု ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်မတော် AA သည် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ် ရေးထားခြင်း မရှိသည့်အဖွဲ့တခုဖြစ်ပြီး မတ်လ ၃ ရက်နေ့ ညနေပိုင်းကလည်း ဘူးသီး တောင်မြို့နယ် အတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

Loading