Human Rights

ထိုင်းတွင် မြန်မာအလုပ်သမ တဦး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီထမ်မရ ခရိုင် ကျန်ဒီ မြို့နယ်ရှိ Nava Parawood သစ်ချောထည် စက်ရုံတွင် အလုပ် လုပ်ကိုင်နေ သည့် အိမ်ထောင်သည် အမျိုးသမီး တဦးကို ထိုင်းအလုပ်သမားနှစ်ဦးက အလိုမတူဘဲ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းစက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများက ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် မြန်မာအလုပ်သမသည် အသက် ၂၀ အရွယ်ဖြစ်ပြီး ယခုလ ၇ ရက်နေ့မွန်းလွဲပိုင်းက ကျန်းမာရေး မကောင်း၍ အလုပ်မဆင်းနိုင်ဘဲ ၎င်း၏ အခန်း၌ အိပ်စက်နေစဉ် စက်ရုံတွင် မီးပြင်လုပ်သားအဖြစ် လုပ်ကိုင်နေသည့် ထိုင်းအမျိုးသား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကောင်မလေးက နေမကောင်းလို့ ဆေးသောက်ပြီး သူ့အခန်းမှာ အိပ်နေတာ မီးပြင်တဲ့ ထိုင်းနှစ်ယောက်က ဝင်ပြီး အဓမ္မ ကျင့်တာ ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေကြားတော့ ဘေးချင်းကပ်နေတဲ့ အခန်းတွေက သွားကြည့်တာ အခန်းကို ဂျက်ထိုးထားတယ်။ တယောက် က လုပ်ပြီးနေပြီ နောက်တယောက်က ထပ်လုပ်ဖို့ကြိုးစားနေတုန်း မိတာ။ သူတို့မှာ ကွန်ဒုံးတောင်ပါတယ်”ဟု ယင်းစက်ရုံတွင် အလုပ် အတူလုပ်ကိုင်နေသည့် ကိုအောင်ဇော် က ဧရာဝတီသို့ ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် မြန်မာအမျိုးသမီးတွင် သမီးတယောက်နှင့် ခင်ပွန်းရှိကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ခင်ပွန်းဖြစ်သူ အလုပ် ဆင်း နေချိန်ဖြစ်ကြောင်း၊ အဓမ္မပြုကျင့်သူနှစ်ဦးကို မြန်မာအလုပ်သမားများက ဝိုင်းဖမ်းရန် ကြိုးစားခဲ့ကြသော်လည်း လက်ထဲတွင် သေနတ်များ ကိုင်ဆောင်ထားသဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုဖြစ်ရပ်ကို တရားဥပဒေအရ အရေးယူပေးစေလိုသည့် ယင်းစက်ရုံရှိ မြန်မာအလုပ်သမား ၄၀၀ ကျော်က မတ်လ ၈ ရက် နေ့တွင် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြကြောင်း၊ သို့သော်လည်း ထိုင်းအလုပ်သမား ဥပဒေအရ အလုပ် ၃ ရက်ပျက်ခွင့် မရှိသဖြင့် ၉ ရက်နေ့တွင် အလုပ်ပြန်ဆင်းခဲ့ကြကြောင်း အလုပ်သမားများက ပြောသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အဆိုပါဒေသရှိ ရဲစခန်းတွင် မြန်မာအလုပ်သမားများက အမှုဖွင့်တိုင်ကြားထားကြောင်း၊ သို့သော်လည်း တရားခံများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးသဖြင့် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) မဟာမိတ် အဖွဲ့ထံ အကူအညီ တောင်းခံထားကြောင်း အလုပ်သမားများက ပြောဆိုသည်။

AAC အဖွဲ့ကလည်း ဖြစ်စဉ်နှင့်ပတ်သက်သည့် အထောက်အထားများကို စုံစမ်းမှုများပြုလုပ်ပြီး တရားမျှတမှုရရှိရေးအတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်ဟု AAC အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲမင်း က ဧရာဝတီသို့ ပြော သည်။

“မုဒိမ်းကျင့်ဖို့ ကြိုးစားတာကတော့ နှစ်ဦးပေါ့။ ဆေးစစ်ချက်အရ တယောက်ကတော့ ဆက်ဆံထားပြီးပြီ။ ကောင်မလေးက ထိုင်းကို ရောက်တာလည်း လပိုင်းပဲ ရှိသေးတယ်။ ပြီးတော့ နေထိုင်ခွင့် အထောက်အထား ဘာမှမရှိဘူး။ ဒါပေမယ့် ပြဿနာ မရှိဘူး။ နေ ထိုင်ခွင့် ရှိတာမရှိတာ နောက်ထား။ ဒီကျူးလွန်မှုအတွက် ဥပဒေအရသွားမယ်။ နေထိုင်ခွင့် မရှိတာက မရှိတဲ့အတိုင်း တကဏ္ဍသွားမယ်”ဟု ဦးရဲမင်း က ပြောဆိုသည်။

အဆိုပါ စက်ရုံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၄၀၀ ကျော်ရှိပြီး ထိုင်းအလုပ်သမား ၁၀၀ ကျော်ရှိကြောင်း ယခင်က လည်း မြန်မာ အလုပ်သမားများအပေါ် ထိုင်း အလုပ်သမား ကြီးကြပ်သူများက ခေါင်းပုံဖြတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက် မှုများရှိခဲ့ကြောင်း မြန်မာ အလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံ တနိုင်ငံလုံးတွင် မြန်မာ အလုပ်သမား စုစုပေါင်း ၃ သန်းကျော်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ငါးဖမ်းလှေ၊ စားသောက်ဆိုင်၊ လိင် ဖျော်ဖြေရေး လုပ်ငန်း၊ အိမ်အကူနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့သူများ ရှိသကဲ့သို့ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး မပြေလည်မှုတို့ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်တမျိုး၊ မှောင်ခိုလမ်းများမှတဖုံ ဝင်ရောက်လာခဲ့ကြပြီး ရွှေ့ပြောင်း အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြကြောင်း သိရသည်။

Loading