တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ ဟိုင်ရွယ်အအေးခန်းစက်ရုံ မှ မူးယစ်ရမ်းကားနေသူ အလုပ်သမားကို ရဲတပ်သားတဦး သစ်သားချောင်းဖြင့် ရိုက်နှက်ရာမှ သေဆုံးသွားကြောင်း ထားဝယ်မြို့မရဲစခန်းက အတည်ပြုပြောကြားသည်။
“အခု ရိုက်နှက်ခဲ့တဲ့ ရဲတပ်သား ဟန်လင်းစိုး ကို ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လိုက်ပါပြီ။ အရိုက်ခံသူ သေဆုံးသွားတာတော့ ၃ နာရီလောက်က သတင်းရောက်လာတယ်။ ဖြစ်တဲ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံးထွေးဖမ်းဆီးရင်း ကျနော်လှည့်ကြည့်လိုက်ချိန်မှာ လူတယောက်က လမ်းပေါ်မှာလဲကျနေတယ်။ ရဲတပ်သားဟန်လင်းစိုးက သစ်သားချောင်းကိုင်ပြီး ရပ်နေတယ်”ဟု ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦး က ဧရာဝတီသို့ပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၇ ရက် ညပိုင်းက ထားဝယ်မြို့ ဟိုင်ရွယ်အအေးခန်းစက်ရုံ တွင် အလုပ်လုပ်နေသူ အသက် ၂၈ နှစ်အရွယ် သက်နောင် နှင့် အောင်ဖြိုးလင်း ဆိုသူ အပါအဝင် ၃ ဦး က စက်ရုံရှိ မိန်းကလေးအဆောင်သို့ အရက်သေစာများသောက်စားကာ ဝင်သွားသည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အပြန်အလှန်စကားများခြင်းဖြစ်သည်။
ထို့နောက် အလုပ်သမားအင်အား တဖြည်းဖြည်းများလာသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက သက်နောင်နှင့် အောင်ဖြိုးလင်း အပါအဝင် ၃ ဦး ကို ထိန်းသိမ်းရန် ကြိုးစားစဉ် ရဲတပ်သား ဟန်လင်းစိုး က ရိုက်နှက်မိခြင်းဖြစ်ကြောင်း သိရသည်။
ထို့နည်းတူ စက်ရုံတွင် မူးယစ်သောက်စားခဲ့သူ အလုပ်သမား အောင်ဖြိုးလင်း ကိုလည်း တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် ထားဝယ်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။