ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဟုတ်ပေမယ့်လည်း သမ္မတဖြစ်လာဖို့ ထင်ကြေးပေးခံနေရသူတွေမှာ ထူးထူး ခြားခြား အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်ဦးရွက်ပြု လုပ်ကိုင်နေရတဲ့ အရပ်သားစစ်စစ် ဦးထင်ကျော်လည်း ရှေ့ပြေး စာရင်းရဲ့ ထိပ်တန်းနေရာမှာ ပါဝင်နေပါတယ်။ မတ်လ ၁၀ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ NLDက ဦးထင်ကောျ်ကို ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်ပါတယ်။
ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၇၀ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူရဲ့ ဖခင်က စာရေးဆရာကြီးဖြစ်တဲ့ မင်းသုဝဏ် ဖြစ်ပါတယ်။ ဖခင် စာရေးဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။
NLD အသိုင်းအဝိုင်းဆီက ရရှိတဲ့သတင်းတွေအရ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အားကိုးရတဲ့ လူယုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မက်သဒစ်ကျာင်း (ဒဂုံ ၁)မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်းဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး စီးပွားရေးမဟာဘွဲ့ကို ရရှိခဲ့ကာ နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့လည်း သွားရောက် ပညာဆည်းပူးခဲ့ပါတယ်။
ဦးထင်ကျော်ဟာ ဖခင်ဖြစ်သူရဲ့ ကလောင်ခွဲဖြစ်တဲ့ ဒလဘန်းအမည်နဲ့ သုတစာပေ၊ နိုင်ငံရေးစာပေတို့ကို ရေးသားခဲ့ပါတယ်။
သမ္မတ ဖြစ်နိုင်ခြေ အရှိဆုံးသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်အချရဆုံးသူဖြစ်တာကြောင့်လည်းကောင်း၊ မိသားစုမျိုးရိုး သမိုင်းကြောင်းကြောင့်လည်းကောင်း ရိုးသား ဖြောင့်မတ်သော စိတ်ထားရှိ၍ လည်းကောင်း စတဲ့ အရည်အချင်းတွေကြောင့် NLD ရဲ့ သမ္မတလောင်းစာရင်းမှာ နံပါတ် ၁ အဖြစ် ထင်ကြေးပေးခံနေရသူဖြစ်ပါတယ်။ NLD ခေါင်းဆောင် ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလွင်ရဲ့ သမီး ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ NLDပါတီ အောင်နိုင်ရေးအဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။