ဒုသမ္မတလောင်း နေရာအတွက် အဆိုပြုခံထားရသူ ၄ ဦး ကို မနက်ဖြန် မတ်လ ၁၁ ရက်မှာ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ အရည်အချင်း နဲ့ ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး မဲခွဲဆုံးဖြတ်မှာ ဖြစ်တယ်လို့သိရပါတယ်။
NLD ပါတီ က အဆိုပြုထားတဲ့ ဦးထင်ကျော် နဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ တို့ဟာ ဒုသမ္မတ နေရာအတွက် အနိုင်ရရှိဖို့သေချာနေပြီး ကြံ့ခိုင်ရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးခင်အောင်မြင့် က ရှုံးနိမ့်နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြည်သူ့ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အမတ် ၃၂၃ ရှိတဲ့အနက်
NLD ပါတီက ၂၅၅ နေရာ အနိုင်ရရှိထားပြီး ကြံ့ခိုင်ရေးပါတီက ၃၀ နေရာ နဲ့ အခြားပါတီများက ၃၈ နေရာ အနိုင်ရရှိထားတာကြောင့် NLD ပါတီက အပြတ်အသတ် အသာ ရရှိထားပါတယ်။
ထို့နည်းတူ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၆၈ နေရာအနက် NLD ပါတီက ၁၃၅ နေရာ အနိုင်ရရှိထားပြီး ကြံ့ခိုင်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိထားကာ အခြားပါတီများက ၂၂ နေရာ အနိုင်ရရှိထားရာ NLD ကပင် အပြတ် အနိုင်ရရှိထားတာကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်သူ့ လွှတ်တော်တွင် ဒေါက်တာစိုင်းမောက်ခမ်းနှင့် အမျိုးသားလွှတ်တော်တွင် ဦးခင်အောင်မြင့် ကို ဒုတိယသမ္မတလောင်းများအဖြစ် အမည်စာရင်း တင်သွင်းသော်လည်း ရှုံးနိမ့်ရန် သေချာကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောပါတယ်။
အမျိုးသားလွှတ်တော်မှာ NLD ပါတီ က အမည်စာရင်းတင်သွင်းလိုက်တဲ့ ဒုသမ္မတလောင်း ဖြစ်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ က မိမိကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ခြင်း က တိုင်းရင်းသားအရေး ကို ရှေ့တန်းတင်ခြင်းဖြစ်ပြီး တိုင်းရင်းသားအရေး ကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ယနေ့ အမျိုးသားလွှတ်တော်အစည်းအဝေး အပြီးမှာ မီဒီယာများကို ပြောကြားလိုက်ပါတယ်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က လည်း ချင်းတိုင်းရင်းသားတဦးကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်မှုက တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေး ပိုမို အားကောင်းလာမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဒါ့အပြင် NLD ပါတီကတိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးစားပေးတဲ့ မူဝါဒကြောင့် တိုင်းရင်းသားအရေး ရှေ့တန်းရောက်လာမယ်လို့ ထင်မြင်ကြောင်း ယနေ့ လွှတ်တော်အပြီးမှာ ပြောဆိုခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် မှာ ဒုသမ္မတအမည်စာရင်း တင်သွင်းထားတဲ့ ဦးထင်ကျော်ဟာ စာရေးဆရာကြီး ဦးမင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်အချရဆုံးသူဖြစ်တာကြောင့်လည်းကောင်း၊ မိသားစုမျိုးရိုး သမိုင်းကြောင်းကြောင့်လည်းကောင်း၊ ရိုးသား ဖြောင့်မတ်သော စိတ်ထားရှိ၍ လည်းကောင်း စတဲ့ အရည်အချင်းတွေကြောင့် NLD အစိုးရလက်ထက်ရဲ့ သမ္မတ အဖြစ် ထင်ကြေးပေးခံနေရသူဖြစ်ပါတယ်။
ယနေ့ ပြည်သူ့လွှတ်တော် မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဒုသမ္မတလောင်းအဖြစ် လားရှိုးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်း နဲ့ အမျိုးသားလွှတ်တော်မှာတော့ ဦးခင်အောင်မြင့် ကို အမည်စာရင်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေကလည်း သူတို့ဘက်က တင်သွင်းမယ့် ဒုသမ္မတလောင်းတဦး ကို ရွေးချယ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သတ်မှတ်ထားတဲ့ နေရာမှာ စုဝေးပြီး ရွေးချယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒုသမ္မတလောင်းများကို စိစစ်ရေးအဖွဲ့အဖြစ် အမျိုးသားလွှတ်တော်အတွက် ဦးမန်းဝင်းခိုင်သန်း၊ ဦးအေးသာအောင်၊ ဦးဘမျိုးသိန်းတို့ပါဝင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် အတွက် စိစစ်ရေးအဖွဲ့မှာတော့ ဦးဝင်းမြင့်၊ ဦးတီခွန်မြတ် နဲ့ ဒေါက်တာမျိုးအောင် ပါဝင်မယ်လို့ ယနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့မှာ ကြေညာသွားခဲ့ပါတယ်။
လွှတ်တော်လုပ်ငန်းစဉ်အရ ဒုသမ္မတလောင်း မဲခွဲရွေးချယ်မှု အစီအစဉ်ကို တော့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေမှာ ပြုလုပ်မှာဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကလည်း ဒုသမ္မတလောင်းတဦး ကို တင်သွင်းမှာဖြစ်တယ်လို့ NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး က ဧရာဝတီ ကို ပြောပါတယ်။