မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို နောက်တက်လာမည့် အစိုးရလက်ထက်တွင် ယိမ်းယိုင် သွားမည်ဆိုလျှင် လက်ခံမည်မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက် သည်။
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း ခန်းမဆောင်တွင် မတ်လ ၉ ရက်က ပြုလုပ်သော နည်းပြအရာရှိများ၊ သင်တန်း သား အရာရှိများနှင့် တွေ့ဆုံ အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်ကြောင်း တပ်ချုပ်၏ လူမှု ကွန် ရက် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
တပ်ချုပ် က “လက်ရှိကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ် ပထမအဆင့် ၅ နှစ်သက်တမ်းတွင်လည်း တပ်မတော်အနေဖြင့် ယင်း လမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းနိုင်ရန် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ တိုးတက်မှုများလည်း ရရှိခဲ့ကြောင်း၊ ဆက် လက်လျှောက်လှမ်းရမည့် ဒုတိယအဆင့်တွင်လည်း လက်ရှိအခြေအနေများမှ ယိမ်းယိုင်မှုကို လက်မခံနိုင်ကြောင်း”ဟု ပြော ဆို ထားသည်။
လက်ရှိကျင့်သုံးနေသည့် ဒီမိုကရေစီ စနစ်သည် ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံနှင့် လိုက်လျှော ညီထွေဖြစ်သည့် ပုံစံ၊ စနစ်ကိုသာ ကျင့်သုံးနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း လိုင်လျော ညီထွေရှိသည့် ပါတီစုံ လမ်းကြောင်းကို ကျင့်သုံးနေခြင်းသာ ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် “သမိုင်းကြောင်းအရ ဘုရင်စနစ်မှ လွတ်လပ်ရေးရပြီး ယနေ့ကာလအထိ တိုင်းပြည်မပြိုကွဲစေရန် တပ်မတော်ကပင် ထိန်း သိမ်း ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ကဏ္ဍတွင် တိုင်းပြည်မယိုင်လဲ၊ မပြိုကွဲစေရန် ပါဝင်နေခြင်းဖြစ် ကြောင်း”ဟုလည်း ပြောသည်။
မြန်မာနိုင်ငံ၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအရ လွတ်လပ်ရေးမရမီ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ် အခြေခံပြီး ရေးဆွဲခဲ့ သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အားနည်းမှုကြောင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန် တပ်မတော်အနေဖြင့် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားသည်။
မြန်မာနိုင်ငံ၌ လက်ရှိအကောင်အထည်ဖော် ကျင့်သုံးနေသည့် ဒီမိုကရေစံနစ်တွင် တပ်မတော်က တဘက်ရပ်တည်နေသည့် ပုံစံ သည် စစ်မှန်သည့် ဒီမိုကရေစီစနစ်မျိုး မဟုတ်ဘဲ ယင်းကဲ့သို့ အကြောင်းအမျိုးမျိုးပြ ပြောဆိုနေခြင်းသည် တပ်မတော် အနေဖြင့် ၎င်းတို့၏ အခွင့်၊ အာဏာများ ဆုံးရှုံးမည်ကို စိုးရိမ်၍ ပြောဆိုနေခြင်းသာဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၏ ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောဆိုသည်။
နိုင်ဟံသာ က “သူတို့ရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်ကြည့်ရင် ဖက်ဒရယ်ဆိုတာကိုလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး နာမည်ခံ ဖက်ဒရယ် သဘောမျိုးပါပဲ။ နောက်ပြီးတော့ တပ်မတော်က နေရာယူထားတဲ့၊ ရရှိထားတဲ့ အခွင့် အာဏာတွေပေါ့ဗျာ။ ဥပမာ ၂၅ ရာခိုင်နှုန်းတို့ ဝန်ကြီး ၃ နေရာတို့ နောက် ကာလုံကနေ ချုပ်ကိုင်ထားတဲ့ဟာတွေ အဲဒါတွေကို ပြန်ကြည့်ရင် တကယ့် ဒီမိုကရေစီ မဆန်တဲ့ ကိစ္စပဲဗျ။ သူတို့ကိုယ်တိုင်ကတော့ တကယ့် ဒီမိုကရေစီစနစ်ကို ဘာမှ အကောင် အထည် မဖော်ဘဲနဲ့ သူများကိုပြောနေတာလို့ပဲ မြင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲ ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းနှင့်ဆန်ကျင်နေပြီး စစ်ဗိုလ် ချုပ် များ ရေရှည် အခွင့် အာဏာ တည်မြဲရေး အတွက်သာဖြစ်သည်ဟု ရေးဆွဲစဉ်ကပင် ပြည်တွင်း ပြည်ပနှင့် နိုင်ငံတကာက ဝေဖန် ထောက်ပြခဲ့ကြသည်။
ယင်းဖွဲ့စည်းပုံနှင့်ပင် လက်ရှိ အစိုးရ၏ သမ္မတ ဦးသိန်းစိန် အပါအဝင် စစ်ဗိုလ်ချုပ်များစွာ အရပ်ဝတ်လဲ၍ အစိုးရဖွဲ့ကို ဦးဆောင်ခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ် အနိုင်ရရှိပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်လိုက်မည်ကို စိုးရိမ်နေသည့် အသံများလည်း ထွက်ပေါ်လာခဲ့သည်။