နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်မှုအောက် နေခဲ့ရပြီး စစ်တပ်တပိုင်း အစိုးရနဲ့ ၅ နှစ်တာ သက်တမ်းကို ထပ်မံဖြတ်သန်း ခဲ့ကြရတဲ့ ပြည်သူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက တင်မြောက်မယ့် သမ္မတလောင်းကို လည်း စိတ်ဝင်စားခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုး မျှော်လင့်နေခဲ့ကြတဲ့ ပြည်တွင်းပြည်ပက စောင့်ကြည့်ကြသူတွေအတွက် စိတ်လှုပ်ရှားစရာလည်း ဖြစ်ပါတယ်။
မတ်လ ၁၀ ရက်မှာ တရားဝင်စာရင်း မတင်သွင်းမီ မနက်ထိ အားလုံးက စိတ်ဝင်တစားသိချင်နေခဲ့တဲ့ ဒုသမ္မတလောင်း နာမည်တွေကို ခန့်မှန်းမှုအမျိုးမျိုးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အထူး လျှို့ ဝှက်အနေနဲ့ ထိန်းသိမ်းထားခဲ့တဲ့ NLD အနေနဲ့ ဒီကနေ့ပြုလုပ်တဲ့ လွှတ်တော် အစုအဖွဲ့ဆိုင်ရာ အစည်းအဝေးမှာတော့ အမည်စာရင်း တင်သွင်းတာကို ပြည်တွင်းပြည်ပ မီဒီယာများနဲ့ လေ့လာစောင့်ကြည့်သူတွေ သက်ဆိုင်ရာ လွှတ်တော်အဆောက်အဦတွေထဲမှာ အပြေးအလွှား သတင်းပေးပို့ခဲ့ကြတယ်။
NLD အနေနဲ့ ပြည်သူ့လွှတ်တော်အတွက် အရပ်သားတဦးဖြစ်တဲ့ ဦးထင်ကျော်ကို တင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက်ကို NLD ပါတီက ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူကို တင်သွင်းလိုက်တာပါ။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌဖြစ်တဲ့ ဦးထင်ကျော်ဟာ အရင်ကတည်းက အများက ခန့်မှန်းထားတဲ့သူ ဖြစ်တဲ့အတွက် မထူးခြားသော်လည်း ဦးဟင်နရီဗန်ထီးယူကတော့ လေ့လာစောင့်ကြည့်နေသူတွေ အားလုံးနီးပါးအတွက် အစိမ်းစိမ်းသက်သက်ဖြစ်နေပါတယ်။
အမည်စာရင်းတွေ မကြေညာခင်အထိ NLD ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် ရေပန်းစားနေသူတွေဟာ သုံးဦးထက်မနည်းရှိတဲ့နေခဲ့ရာမှာ ဦးဟင်နရီဗန်ထီးယူ ပါဝင်မှုမရှိပါဘူး။
USDP ပါတီဘက်ကလည်း ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် အနည်းစုဖြစ်ပေမယ့် ပြည်သူ့လွှတ်တော် အတွက် လက်ရှိ ဒုသမ္မတ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာစိုင်းမောက်ခမ်းကို တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော် အတွက်ကို ယခင် အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဖြစ်တဲ့ ဦးခင်အောင်မြင့်ကို တင်သွင်းခဲ့ပါတယ်။
USDP က တင်သွင်းတဲ့ ဒုသမ္မတလောင်းတွေဟာ အနိုင်ရဖို့ အခွင့်အလမ်းမရှိပေမယ့်လည်း သူတို့ဟာ အတွေ့အကြုံနဲ့ အရည်အချင်းပြည့်၀ သူတွေဖြစ်တဲ့အပြင် လွှတ်တော်လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် အဆိုတင်သွင်းရခြင်းဖြစ်တယ်လို့ ပါတီထိပ်တန်းခေါင်းဆောင် ဦးလှဌေးဝင်းက ဆိုပါတယ်။
ယခုလို သမ္မတလောင်းရွေးချယ်ရေးအတွက် အစုအဖွဲ့အလိုက် အစည်းအဝေးတွေ စတင်တဲ့ ပထမနေ့မှာပဲ လွှတ်တော်အစုအဖွဲ့တွေက ဒုသမ္မတလောင်း အဆိုပြုသူတွေ ကြေညာခဲ့ပေမယ့် တပ်မတော်သား အစုအဖွဲ့က တော့ သူတို့တင်သွင်းမယ့် ဒုသမ္မတလောင်းကို ရွေးချယ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ အစည်းအဝေးကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ညွန်ကြားတဲ့ စစ်ဘက်ဆိုင်ရာ နေရာတနေရာမှာ ကျင်းပနေတာဖြစ်ပြီး ၎င်းတို့တင်သွင်းမယ့် ဒုသမ္မတလောင်းအမည်ကို ပြည်ထောင်စု လွှတ်တော်ထံ တိုက်ရိုက်တင်သွင်းသွားမယ်လို့ သိရပါတယ်။
မနက်ဖြန်မှာ ဆက်လက်ကျင်းပမယ့် အစည်းအဝေးမှာတော့ ဒီကနေ့အဆိုပြုတင်သွင်းခဲ့တဲ့ သူတွေထဲက သမ္မတလောင်း ဖြစ်လာမယ့် ဒုသမ္မတ နှစ်ဦးကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြုရွေးချယ်ကြမှာဖြစ်ပါတယ်။
လွှတ်တော်အစုအဖွဲ့က ရွေးချယ်တဲ့ ဒုသမ္မတ နှစ်ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက တင်မြောက်မယ့် ဒုသမ္မတ တဦးတို့ အထဲကမှ နိုင်ငံတော်သမ္မတကို ရှေ့ရက်ပိုင်းမှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရွေးချယ်ခန့်အပ်ကြမှာ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ နားပြီး တင်္နလာနေ့ ပြန်စရင် ပြည်ထောင်စုလွှတ်တော် ခေါ်နိုင်ပါတယ်။
နိုင်ငံတော်သမ္မတ အရည်အချင်းစိစစ်ရေးကော်မတီ တရပ်ကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီမှာ ပြည်သူ့လွှတ်တော်မှ ဥက္ကဌ ဦးဝင်းမြင့်၊ ဒုဥက္ကဌ ဦးတီခွန်မြတ် နဲ့ ဒေါက်တာ မျိုးအောင် တို့ပါဝင်ပြီး အမျိုးသားလွှတ်တော်မှ ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဌ ဦးအေးသာအောင် နဲ့ ဦးဘမျိုးသိန်း တို့ ပါဝင်ကာ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပါဝင်မယ့်သူအမည်ကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။
လက်ရှိ လွှတ်တော်မှာလည်း NLD ကိုယ်စားလှယ်အများစု ဖြစ်တဲ့အတွက် NLD က တင်သွင်းသူတဦး သမ္မတ ဖြစ်မှာ သေချာသလောက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ ဦးထင်ကျော် ဖြစ်လာနိုင်ပါတယ်။ တပ်မတော်က တင်သွင်းသူနဲ့ အစဉ်အလာအရ တိုင်းရင်းသားကို ရာထားတာမို့ ဦးဟင်နရီဗန်ထီးယူ ဒုသမ္မတများ ဖြစ်လာကြမှာပါ။